ဒီမိုကရေစီတိုက်ပွဲ ရှုံးတဲ့သူ
ဘယ်သူလဲ
မောင်လွင်မွန်(ကသာ)
ဒီမိုကရေစီ တိုက်ပွဲကို
သမိုင်း တလျှောက် ပြည်သူ လူထုတွေ ဆင်နွဲ ခဲ့ကြသည်။ ယခုတိုင်လည်း ကမ္ဘာကြီး အနှံ့ ဆင်နွှဲ
နေကြဆဲ ဖြစ်သည်။ တိုက်ပွဲ အောင်မြင်ခြင်း ရှိသလို ဆက်လက် ဆင်နွဲ နေရခြင်း များလည်း
ရှိသည်။ ဒီမိုကရေစီ တိုက်ပွဲ၌် အောင်ပွဲရပြီ ဆိုသောအခါ ရှုံးသွားသူ တွေက ဘယ်သူတွေ များလဲ။
သာမန် အားဖြင့် ကြည့်လျှင် အာဏာ လက်လွတ် သွားသူများ၊ လုပ်ပိုင်ခွင့်များ လက်ဝါးကြီး
အုပ်ထား ခြင်းမှ လျှော့ပေး လိုက်ရ သူများ ရှုံးသွား သည်ဟု မြင်ကောင်း မြင်နိုင်သည်။
သို့သော် အခြား ရှုထောင့်
တစ်ခုမှ ကြည့်သောအခါ သူတို့တတွေ သည်လည်း ပြည်သူ့ အစိတ်အပိုင်း အနေဖြင့် အများ နည်းတူ
ဒီမိုကရေစီ အခွင့်အရေး များကို တန်းတူ ရရှိ သွားမှုကို မြင်နိုင် ပါသည်။ ယခင်က အာဏာ လက်ကိုင် ရှိစဉ် အကာ အကွယ် ရရှိခဲ့မှု
မှန်သမျှသည် အာဏာ လက်လွတ်ပြီ ဆိုသည်နှင့် အကြွင်းမဲ့ ဆုံးရှုံး သွားရပြီး ဥပဒေမဲ့ နှိပ်ကွပ်
ခံရမှုမှ အကာ အကွယ်မဲ့ ဖြစ်သွားမလား ဟူသော သောကမျိုး ဒီမိုကရေစီလူ့ဘောင်တွင် ပူပန်စရာ
လိုမည် မဟုတ်ပေ။
“တိုက်ပွဲ” ဟု ဆိုတိုင်း
အောင်နိုင်သူ ရှိသလို ရှုံးနိမ့် ပျက်သုန်း သူလည်း ရှိမည်ဟု မဆိုနိုင်ပေ။ ဥပမာ ဆင်းရဲ
နိမ့်ပါးသော ပညာမဲ့ ဘဝမှ လွတ်မြောက် ရေးအတွက် ဘဝ တိုက်ပွဲကို ဆင်နွဲရသော လူငယ် တစ်ဦးသည်
ဆင်းရဲ ငတ်ပြတ် ခံပြီး အားထုတ် ကြိုးပမ်းရင်း ဘဝတိုက်ပွဲကို အောင်နိုင် သောအခါ ယခင်က
မမျှော်မှန်း နိုင်ခဲ့သော ပညာတတ် တစ်ဦး၊ လူတန်းစေ့ နေနိုင်သူ တစ်ဦး ဖြစ်လာမည်။ သူက
တိုက်ပွဲ အနိုင်ရ သော်လည်း သူ့တိုက်ပွဲတွင် ရှုံးနိမ့်သူ မရှိပါ။ ဘဝ အတွေ့အကြုံ ရင့်ကျက်သူ
တစ်ဦး အနေဖြင့် နောက်ထပ် ဘဝ တိုက်ပွဲ အောင်နိုင်သူ များကိုပင် သူက ထပ်ဆင့် မွေးဖွား
ပေးနိုင် ပေလိမ့်မည်။
အခြား ဥပမာ တစ်ခုကို
ကြည့်ရလျှင် ၈၈ လူထု လှုပ်ရှားမှုသည် အကြွင်းမဲ့ ရှုံးနိမ့် သွားခဲ့ သည်ဟု အချို့က ယူဆ
ကြသည်။ တကယ်တော့ ရည်မှန်းသည့် အတိုင်း မပေါက်မြောက် ခဲ့နိုင် သော်လည်း ၈၈ လှုပ်ရှားမှုမှာ
အသီး အပွင့် တချို့ကို ယနေ့ လူများစု ခံစား နေရ သည်သာ ဖြစ်သည်။ ၈၈ လှုပ်ရှားမှု ကြောင့်
တစ်ပါတီ အာဏာရှင် စနစ် ပျက်သုန်း ခဲ့သည်။ ဗဟို ချုပ်ကိုင်သော စီးပွားရေး စနစ် အစား
ဈေးကွက် စီးပွားရေး စနစ် ပေါ်လာ သည်။ ယခင်က မီးခြစ် ရေနံဆီ ဖယောင်းတိုင် ကအစ တန်းစီ
ဝယ်ရသော ဘဝမှ လွတ်ကင်း သွားပြီး လွယ်လင့် တကူ ဝယ်ယူ နိုင်သော ဘဝကို ရသည်။ ပြည်သူ့ ဆိုင်၌်
ဟိန်းဟောက် ခံပြီး ဝယ်ရ၊ မှောင်ခို မတန်တဆ ပေးဝယ်ရ၊ ပစ္စည်းတု များဖြင့် အလိမ် ခံရ စသော
ဘဝမှ တစ်ခွန်း ဈေးဖြင့် ပစ္စည်းမှန်ကို အချိန် မရွေး ဝယ်နိုင်ခွင့်၊ ပြည်ပလုပ် ပစ္စည်းများ
အလွယ် တကူ ဝယ်ခွင့်ကို ရကြသည်။ တစ်ဖက်တွင်
စီးပွားရေး လုပ်ငန်းရှင်တို့ အနေဖြင့်လည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များကို လွတ်လပ်စွာ
လုပ်ပိုင်ခွင့် ရလာ ကြသည်။ ထိုသော အခါတွင် ယနေ့ ပုဂ္ဂလိက လုပ်ငန်း များကို ရှေ့ဆုံးမှ
ရင်းနှီး မြုပ်နှံ လုပ်ကိုင် နေသူ အများစု မှာ ၈၈ လူထု လှုပ်ရှား မှုတွင် ပါဝင် ခဲ့သူများ
မဟုတ်ရုံ မက အချို့ ဆိုလျှင် ယင်း လှုပ်ရှားမှုကို ပြင်းထန်စွာ ဆန့်ကျင် ခဲ့သူများ ပါဝင်
နေသည်မှာ အများ အသိ ဖြစ်ပါသည်။