Sunday, December 30, 2012

အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း

အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း


အမေ..
တွေဝေခြင်း အမှောင်
သရဲဘောကြောင်ခြင်း ‘ အမိုက်’ ‘အမဲ’
မပြောရဲ မဆိုရဲ အမိုက်တိုက်
အလိုက်အထိုက် ညနေရီ နဲ့
ပလီစိခြောက်ချက်..
အတ္တဖက် အမှောင်ညတွေကနေ
သန်းခေါင်ကျတာထက်
ညတွေပိုပိုနက်ပြီး
အမှောင်ရက် အမှောင်လ အမှောင်နှစ် …
အမှောင်ခေတ် အဆက်ဆက်မှာ
ပက်လက်ရော မှောင်ခုံပါ မျောနေခဲ့သူတွေအတွက်
ရှင်းမြ.. ၀င်းပ..တဲ့
အလင်းတစ်စ အဖြစ်
အမေ့ဘ၀တစ်ခုလုံး
မီးစာလိုသုံးပြီး
လောကအလုံးကို ဖြန့်ကျက်
အလင်းရက်.. အလင်းလ.. အလင်းနှစ်များ.. သွန်းကြဲ
အလင်းအောင်ပွဲတွေ ဆက်ခဲ့ပါပြီ အမေ..  ။

အမှောင်သွန်းကျ
သန်းခေါင်စွန်းညမှာ
ထွန်းပ.. ရွှန်းမြတဲ့ လမင်းကြီးဟာ
နီးသူအတွက်လည်းသာ
ဝေးသူအတွက်လည်းသာ
‘မျှော်ကာလွမ်းရဲ့’
          ဆိုချင်သူသို့လည်း.. လင်း
‘ပေါ်မလာစမ်းနဲ့’
 ငြိုငြင်သူအဖို့လည်း.. လင်း
ချစ်ခြင်းမုန်းခြင်းနဲ့
အလင်းကို မခွဲခြား
တစ်သားတည်း ဝေမျှစမြဲ မဟုတ်လားအမေ ။
ဒါပေမဲ့..  လည်း
မြို့မငြိမ်းရဲ့ သီချင်းထဲ ကြားဖူးလိုက်
မှောင်မိုက်မိုက်.. ချောင်ကြိုက်ကြသူတွေက
‘ လ’ ရောင်ကိုမုန်း တိမ်တွေရယ်ဖုံးပါ.. တဲ့
ပုန်းချင်.. ခိုချင်၊ ဖုံးချင်.. လျှိုချင်.. သူတွေက
လရောင်မြင် ငြိုငြင်ကြမှာ
ဓမ္မတာပေမယ့်
မပုန်းသာ မဖုံးသာတဲ့တစ်နေ့
လရောင်ထဲမှာ အတူတူတွေ့
(အလင်းဘ၀မှာ) ပျော်မွေ့ကြရမှာပါ အမေ။

အမေ့လရောင်ဟာ
တောရွာမြို့အနှံ့
မြေပြန့်တောင်ပေါ်နဲ့
ရွှေနန်းတော်နဲ့ တဲကုတ်ပေါ်က
လူတော် လူညံ့ လူသန့် လူညစ်
လူသစ် လူဟောင်း လူကောင်း လူဆိုး
လူရိုး လူဆန်း လူကြမ်းနဲ့ မင်းသား
ဘယ်လို လူစားမဆို
မပိုမလျောတဲ့ ချစ်ခြင်းနဲ့
အလင်းတွေ ဝေစမြဲ မဟုတ်လား အမေ။
အမေ့လရောင်ဟာ
အနောက်ကမ္ဘာနဲ့ အာရှ အာဖရိက တလွှာ
ဝင်ရိုးစွန်း မြောက်ဖျားက တောင်ဖျား
လူမည်းလား လူဖြူလား
လူညိုလား လူဝါလား
လူရိုင်းလား လူယဉ်ကျေးလား
ရဲရဲတောက်လူလား ပန်းရောင်လူလား
‘နီ’ ချင်သူလား ‘စိမ်း’ချင်သူလား
စားစရာမရှိသူလား ထားစရာမရှိသူလား
ဆာရီဝတ်လား ကီမိုနိုဝတ်လား
ဂါဝန်ဝတ်လား ထမီဝတ်လား
ပုဆိုးဝတ်လား ဘောင်းဘီဝတ်လား
ဒါမှမဟုတ် ခေါင်းပေါင်းတိုက်ပုံနဲ့ တောင်ရှည်ဝတ်လား
ခွဲခြားမှုလုံးဝမရှိ
ပကတိစိတ်ရင်းနဲ့
အလင်းဖြန့်ဝေပေးနေစမြဲ မဟုတ်လား အမေ။

အမေ့လရောင်ဟာ
နေရာတကာ  ‘လူ’ များစုက
ယုယမြတ်နိုး
တန်ဖိုးထားလက်ခံ
ပြန်လှန်ချစ်ခြင်း မေတ္တာတုံ့နှင်းတော့
အရောင်ရှိန် နှစ်ဆပြင်း
ပိုလင်းလာပါတယ် အမေ။

အမေ့လရောင်ဟာ
ဖုံးကာချင်တဲ့ တိမ်တွေရဲ့ အနားကွပ်ကိုတောင် ထွန်းပ
ပတ္တမြားဂူကို ပွတ်ချင်သူတွေကြောင့် ပိုစူးရှ
အမေ့ကို ၀ိုင်းရံတဲ့ ကြယ်ကလေးတွေကြောင့် ပိုတောက်ပပြီး
လောကအနှံ့ဆီ ချင်းနင်း
ပိုလင်းလာပါတယ်အမေ။
အမေ့ရဲ့ ဂုဏ်ရှိန်ပြင်း
ဒီလရောင်အလင်းအောက်
အလင်းနို့သောက်ပြီး ရေးတဲ့ဒီကဗျာ
အမေ့မေတ္တာအရောင်ဟပ်ပြီး
လရောင်ဓာတ်တို့ နှင်းဆက်..
လင်းလက်လှပနေမယ်ဆိုရင်-
အမေ့နားက ကြယ်လေးတစ်ပွင့်
ဖြစ်ခွင့်မကြုံ
ကံမဆုံရတောင်
လရောင်ချစ်သူဘ၀နဲ့
မဝေးလှတဲ့ တစ်နေရာကနေ
အားရပျော်ရွှင်နေမှာပါ… အမေ။     ။

                             မောင်လွင်မွန်(ကသာ)

0 ခု - မှတ်ချက်ရှိသည်:

Post a Comment