ကျွန်တော်တို့၏အိမ်မှာ
ဖုန်းရှိပြီး တစ်တိုက်လုံးကလူများကို တဆင့်ခေါ်ပေးရတဲ့ကာလတစ်ခု
ရှိခဲ့ဖူးပါတယ်။ ကိုယ်ပိုင်ဖုန်းတော့ မဟုတ်ပါဘူး။ ကိုယ်အလုပ်လုပ်တဲ့ရုံးက
တပ်ပေးထား တာပါ။ (တကယ်တော့လည်း ကိုယ်ပိုင်ဖုန်းဆိုတာက ဘယ်သူ့မှာမှ
မရှိပါဘူး။ အားလုံး ဆက်သွယ်ရေးကနေ စာချုပ်နဲ့ ငှားသုံးကြတာ ဟုတ်တယ်
မဟုတ်လား)။ နောက်တော့လည်း ကျွန်တော့်ကို လောကဓံ လှိုင်းတစ်ချက်အရိုက်မှာ
ရုံးကပေးထားတဲ့ “ဖုန်း”ရော၊ အဲဒီတိုက်ခန်းမှာနေသခိုက် ရေလှောင်ဖို့
ကိုယ့်အိတ်ထဲ ကစိုက်လုပ်ထားခဲ့တဲ့ “ကန်”ရောပါ အဲဒီအခန်းမှာ ထားခဲ့ရပြီး
ဖုန်းမဲ့ကန်မဲ့ (တနည်းအားဖြင့် ဘုန်းမဲ့ကံမဲ့)ဘ၀နဲ့ မိသားစုလိုက်
အဲဒီအခန်းက ဆင်းပေးခဲ့ရတာပေါ့။ (မိသားစုက အဲဒီလိုဆင်းပေးရချိန် ကိုယ်ကတော့
ဖုန်းရောကန်ရော ခေါင်းအုံးရော ခြင်ထောင်ပါ မရှိတဲ့နေရာ ရောက်သွားတာ)။
ငါးနှစ် လောက်ကြာပြီး ကျွန်တော် အိမ်ပြန်ရောက်တော့ ကျွန်တော့်မိသားစုက
ရုံးကစီစဉ်ပေးတဲ့ နောက်အခန်းတစ်ခုမှာ။ အခန်းကတော့ အတော် ကျယ်တယ်။ အိပ်ခန်းက
လေးခန်း၊ အိမ်သာ တောင်နှစ်လုံး၊ ဒါပေမဲ့ ဖုန်းကတော့ မပါဘူး။ အမှန်က
ဖုန်းပါရမယ့်အခန်းပါတဲ့။ လူမနေတုန်းဖြုတ်လိုက်ရာက ပြန်မတတ်ဖြစ်တာ။
ကျွန်တော်တို့ကလည်း အခွင့်အရေးကိစ်္စ ဆိုတော့ ပြောဖို့ဝန်လေးနေတာနဲ့
လူကြီးတွေက လည်း မပြောရင် မသိနိုင်တာမျိုးဆိုတော့ “ဖုန်းမဲ့ကံမဲ့ဘ၀”နဲ့
ဆက်နေဖြစ်တာပေါ့။ အဲဒီတုန်းမှာမမျှော်လင့်ဘဲ သမီးလေးတစ်ယောက်က ကောက်ခါ
ငင်ခါ နိုင်ငံခြားသွား အလုပ်လုပ်ဖို့ ဖြစ်လာတယ်။ သူလည်း ဟိုရောက်ရော
အိမ်မှာက ဖုန်းမရှိတော့ တစ်ပတ်တစ်ခါလောက် အင်တာနက်ဆိုင် သွားသွားပြီး
အွန်လိုင်း ကနေ စကားပြောရတယ်။ ဖုန်းလောက်တော့ ဘယ်အဆင်ပြေမလဲ။ မကြားရတစ်ခါ
အသံပျောက်တာတစ်လှည့်နဲ့ပဲ နှစ်ပါးသွားရတာ ပေါ့။ အဲဒီမှာ သမီးလေးကလည်း
“ဖေဖေကြားလား၊ မေမေကြားလား”။ အဖေတွေအမေတွေကလည်း “သမီးကြားရလား၊ ဖေဖေတို့က
ကောင်းကောင်းမကြားဘူး၊ အခုကြားပြီလား”နဲ့ပဲ ဘာမှသိပ်မပြောရဘဲ နောက်ဆုံးတော့
ခေါင်းငိုက်ဆိုက်နဲ့ အိမ်ပြန်လာကြရတာပေါ့။ အဲဒီကာလက လမ်းဘေးမှာ
ဖုန်းလျှောက်လွှာများ ကွမ်းယာရောင်းသလိုရောင်းပြီး လူတစ်ရာမှာ
ရှစ်ဆယ်ကိုးဆယ်ကလည်း ဖုန်းလျှောက်ကြပြီး အဲဒီထဲက ဆယ်ယောက်ပေါက်ရင်
ခုနှစ်ယောက်လောက်က ရောင်းစားတဲ့ကာလပေါ့။ ရှက်ရှက်နဲ့ ကိုယ်“အ”ပုံပြောရရင်
ကိုယ်ကတော့ ဖုန်းဝယ်နိုင်လောက်တဲ့ငွေပိုမ ရှိ၊
ပြန်ရောင်းစားဖို့ဆိုတာကိုလည်း ရှက်စရာကိစ်္စ လို့ ထင်မှတ်မှားနဲ့- တကယ်ကို
တစ်ခါဆို တစ်ခါမှ ဖုန်းမလျှောက်ဖြစ်ခဲ့ပါဘူး။ ဒီတော့ သမီးသွားလို့
တကယ်လည်း ဖုန်းလိုရော ချက်ချင်းလျှောက်ပြီး ကံစမ်းဖို့လည်း မဖြစ်နိုင် တော့
ငှားသုံးရရင် ကောင်းမလား စဉ်းစားပြီးခေါင်းခဲနေတုန်း အဖေအမေထက်တော့
ခေတ်မီသေးတဲ့ သမီးက သူမသွားခင် သူငယ်ချင်း တွေ ဖုန်းလျှောက်တာကို
ရောယောင်လျှောက်ခဲ့သတဲ့။ သူတို့လေးတွေခမြာ ငယ်စဉ်ဘ၀ကတည်းက
အိမ်မှာဖုန်းနဲ့နေဖူးတော့ ဖုန်းကိုင် ချင်ရှာတာကို အဖေကလည်း
စာနာနားလည်ပေးရကောင်းမှန်း မသိခဲ့ပဲကိုး။ ဒါနဲ့ တိုတိုပြောရရင်
သမီးလျှောက်သွားတဲ့ ဖုန်းကပေါက်လို့ အံ့သြ၀မ်းသာရပြီး အဲဒီဖုန်းတော့
ရောင်းစားလို့ မဖြစ်ဘူးဆိုပြီး မိတ်ကောင်းဆွေကောင်းတို့ အကူအညီနဲ့
ချေးငှားပေါင်နှံရငွေ စုပေါင်းစပ်ပေါင်းနဲ့ “ဖုန်းရှင်ကံရှင်”ဘဝ
ပြန်ရောက်တာပေါ့။ သမီးနဲ့ ဆက်သွယ်ရေးလည်း အရင်ထက်စာရင် လွယ်သွားပါတယ်။
အရင်က အင်တာနက်ဆိုင် သွားပြီး “ကြားလားကြားလား” အော်ရကနေ အခုတော့
အိမ်ပြတင်းပေါက်နားကတင် “ကြားလားကြားလား” အော်လို့ ရသွားတော့
အတော်အဆင်ပြေသွားပြီလေ။
သမီးက သူ့အလုပ်ကနေ တစ်နှစ်ကို ဆယ်ရက်လောက်
အိမ်ပြန်ခွင့်ရတယ်။ အဲဒီရက်မှာ သမီးကို သူချစ်တဲ့ခင်တဲ့သူတွေနဲ့
ဆက်သွယ်လို့ရအောင် အိမ်ကရှိမဲ့စု ဖုန်းကလေးတစ်လုံးကို ပေးထားရမှာလေ။
ဒါကြောင့် သမီးခမြာ ရတောင့်ရခဲ ဆယ်ရက်လောက်လာနေခိုက် ဖုန်းမတော်တဆပိတ်နေရင်
ဒုက်္ခဆိုပြီး အရင်ကဖုန်းခကို ကြိုတင်ပြီး သုံးသောင်းလောက် သွင်းထားနေကျကနေ
ငါးသောင်းသွင်းလိုက်တယ်။ အဲဒီရက်မှာ သမီးကလည်း ပြန်လာဖို့
လေယာဉ်လက်မှတ်ကမသေချာ၊ ဘယ်နေ့လာမယ်လို့မသိရ။ သမီးလာမယ့်နေ့မှာ အချိန်လု
ခရီး ထွက်ဖို့ ကားလက်မှတ်ဝယ်ရမယ့်ကိစ်္စကရှိသမို့ လာမယ့်ရက်သိဖို့အရေး
“ဖေဖေကြားလား” ”သမီးကြားလား”နဲ့ လုပ်ရတာပေါ့။ ဒါပေမဲ့ “ဧရိယာ
ပြင်ပ”တစ်လှည့်၊ “တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ မအားသေးပါသဖြင့်”
တစ်လှည့်ဆိုတော့ နောက်ဆုံး အင်တာနက်ဆိုင်ကိုဘဲ ပြေးရပြန်ပါရော။ အင်တာနက်
ဆိုင်ရောက်တော့လည်း လိုင်းက ယောယုဝအထိဆင်းဆင်းသွားတော့ နောက်ဆုံး
အင်တာနက်ဆိုင်က အကူအညီနဲ့ အင်တာနက်ဖုန်းခေါ်ဖို့ လုပ်ရတယ်။ အဲဒီမှာ
သမီးဖုန်းနံပါတ်ကို ဖုန်းထဲလိုက်ရှာပြီး ဆိုင်ကိုပြောရတာပေါ့။ အဲဒီမှာ သမီး
ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းထဲမှာ ရှာရင်း မတော်တဆ နှိပ်မိသွားတာကိုး။
နှိပ်မိလိုက်ချင်းချင်းပဲ ချက်ချင်း ဖုန်းကိုပြန်ချ လိုက်ပါတယ်။ အလွန်ဆုံး
ဖုန်းနှိပ်မိချိန်က နှစ်စက်္ကန့်လောက်ရှိမှာပေါ့။ အမယ်- တော်ပါသေးရဲ့၊
ကိုယ့်မှာက နိုင်ငံခြားကော်လ်ကိုဆောင်စရာ အစိမ်းရွက် တို့ အကျက်ရွက် တို့
ရှိတာမှမဟုတ်တာ။ ကိုယ်လက်မြန်လို့တော်ပါသေးရဲ့လို့
ကိုယ့်ဖါသာချီးကျူးတာပေါ့။ ဒါပေမဲ့ “မတော်ဘူးခင်ဗျ”။ ဒီလိုမတော်တာကိုလည်း
ချက်ချင်းသိလိုက်ရင်တော်ရဲ့။ မသိလိုက်တော့-- ။သမီးပြန်ရောက်တဲ့နေ့မှာပဲ
အဖေ့ဖုန်းကို ယူပြီး သူငယ်ချင်းတွေဆီ “ကြားလားကြားလား”လုပ်ဖို့
ခေါ်လိုက်တော့ ကိုယ်တောင် ဘာမှ မကြားရ ဘူး ဖြစ်နေသတဲ့။ ဒါနဲ့နောက်ဆုံး
တခြားဖုန်းကနေ သူငယ်ချင်းကိုခေါ်၊ သူ့ကို ကိုယ့်ဖုန်းပြန်ခေါ်ခိုင်းတော့
“လူကြီးမင်း ခေါ်ဆိုသောဖုန်းကို ဌာနမှ ယာယီပိတ်သိမ်းထား ပါသဖြင့်”ဆိုတာ
ကြားရတယ်ဆိုကိုး။ ဒီတော့မှ ဘာဖြစ်ပါလိမ့်လို့ စုံစမ်းရတဲ့အခါ
အဖေမှားနှိပ်လိုက်တဲ့အတွက် တစ်ဒေါ်လာဆောင်ရမှာဆိုဘဲ။ တစ်ဒေါ်လာက
(အဲဒီကာလမှာ)တစ်ထောင်ကျော်သာ ပဲမို့ အဖေက သမီး လေးခဏလာခိုက်
အဆင်ပြေဖို့ဆို သုံးလေးထောင်ဆိုရင်တောင် (ချက်ချင်းဆောင်၊
ချက်ချင်းပွင့်မယ် ဆိုရင်) ဆောင်ပေးလိုက်ချင်တာ။ ဒါပေမဲ့
ဒီလိုမဟုတ်ပါဘူးတဲ့။ တစ်ဒေါ်လာဆို တစ်ဒေါ်လာပါဘဲတဲ့။
နှိပ်ပြီးချက်ချင်းပြန်ချလိုက်တော့ ဈေးသက်သာပါသတဲ့။ ဒါပေမဲ့
ပြန်ဖွင့်ပေးဖို့ကတော့-ဟဲ-ဟဲ- ချက်ချင်းကြီး ဘယ်လိုရမှာ လဲ၊
နည်းနည်းစောင့်ရမှာပေါ့-တဲ့။ အင်း- ဒီတော့မှ အဖေလည်း သဘော ပေါက်တယ်။
ဖုန်းခပေးရတယ်ဆိုတာ ကြားလားကြားလား အော်မှ စပေးရတာမဟုတ်။ ကြားကြားမကြားကြား
ရရမရရ၊ ကိုင်ကိုင်မကိုင်ကိုင် နှိပ်မိရင်ဘဲပေးပေတော့ ဆိုတာ
နားလည်သွားရပါတော့တယ်။ “နားလည်ခ”ကလည်း သိပ်မသေးလေတော့ သမီးလေးတစ်ခါတလေလာတာ
အဆင်ပြေစေဟဲ့လို့ အဖေ ကြိုတင်စီမံထားသမျှ ဘာတစ်ခုမှမဖြစ်တော့ဘဲ သမီးခမြာ
ပြန်ခါနီးမှပဲ သူ့ သူငယ်ချင်းများဆီ “ကြားလား၊ ကြားလား”လုပ်နိုင်ပါတော့တယ်။
သြော် အဖေတစ်ချက်မှားနှိပ်လိုက်တာ ကိုယ်လည်း ဒေါ်လာရှာရ၊ သွင်းရ
ဒုက်္ခဖြစ်သလို သမီးလေး ခမြာလည်း သူဆက်သွယ်မယ် အားခဲထားတဲ့ဖုန်းများကို
ဆက်ခွင့် ပြောခွင့်မရ၊ ကိုယ့်ဖုန်းကို ယာယီပိတ်သိမ်းပြီး အရေးယူတဲ့ ဌာနကြီး
ခမြာလည်း သမီးလေးအားပါးတရ သုံးမယ့်ဖုန်းခများကို “ကိုယ်လိုငမိုက်သား
တစ်ကောင်ရဲ့ ဧရာမအမှားကြီးတစ်ခု”ကြောင့် မရလိုက်ရှာပါလားလို့ (ပြည်သူ့ဘဏ္ဍာ
ဖွေရှာတိုးများ ကြီးပွားစေချင်တဲ့ စေတနာရှိသူတစ်ဦးအနေနဲ့) ကိုယ့်ကိုကိုယ်
အတော်ဒေါသထွက်ခဲ့မိပါသေးတယ်ဗျာ။ ဒီအဖြစ်တွေကတော့ သုံးလေးနှစ်လောက်
ကြာခဲ့ပါပြီ။ ဒီအတောအတွင်း ဖုန်းနဲ့ပတ်သက်တဲ့
“ကြားလား”ဇာတ်လမ်းအတိုအရှည်များ ကလည်း အတော်တော့ ရှိနေပါသေးတယ်။ အဲဒီအထဲက
မမေ့နိုင်တာတစ်ချို့ကို ပြောရရင်--