Sunday, December 30, 2012

သမီးလေးနဲ့ မနီးမဝေး


                                           သမီးလေးနဲ့ မနီးမဝေး
ဖူးငုံ ဆယ်ကျော်သက်(teen)မဂ္ဂဇင်းကို ကျွန်တော်လစဉ် စိတ်ဝင်တစား ဖတ်ဖြစ်ပါတယ်။
ရသ သုတများနဲ့ အတူ ဆယ်ကျော်သက် ကလောင်နု ကလေးများရဲ့ လက်ရာများ ကိုလည်း နှစ်သက်ဖွယ်ဖတ် ရတာမို့ မျိုးဆက်သစ် ကလောင်တို့ အတွက် ရှားရှားပါးပါး တံခါး ဖွင့်ထားတဲ့ နေရာလေး အဖြစ်တန်ဖိုး ထားရင်း ကလောင် သွေးလိုသူများ တွေ့ရင် ၀င်ကြိုးစား ကြည့်ဖို့ အားပေးနိုင်တဲ့ နေရာလေး တစ်ခုပါ။

teen ရဲ့ ပွဲတစ်ပွဲကို တက်မိတဲ့ အခါမှာတော့ teen ရဲ့ ပရိသတ် စာဖတ်သူ စာရေးသူ လူငယ်များ အပြင် ဆယ်ကျော်သက်တို့ရဲ့ မိဘ အရွယ်များလည်း စိတ်ဝင်တစား တက်ရောက် ဆွေးနွေးကြတာကို တွေ့ရပါတယ်။ ဒီတော့ teen က တစ်ဆင့် ဆယ်ကျော်သက် လူငယ်များနဲ့ မိဘများရဲ့ ဆက်ဆံရေးကို တင်ပြ ဆွေးနွေးရရင် ကောင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီစာကို ရေးဖြစ်တာဖြစ်ပါတယ်။

ကျွန်တော်က သမီး နှစ်ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ ကျွန်တော့်သမီးများမှာ တခြား လူငယ်များ နည်းတူ အားနည်းချက်တွေ၊ အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်။ သမီးတွေရဲ့ အားသာချက် တချို့နဲ့ ပတ်သက်ပြီး မိဘတချို့က ဒီကလေးတွေကို ဘယ်လို ပျိုးထောင်မြေတောင်မြှောက်တယ်ဆိုတာ စိတ်ဝင် တစား ဆွေးနွေးတာများ ရှိခဲ့ပါတယ်။

ဒီနေရာမှာ ကလေးတွေကို သူတို့စိတ်တိုင်းကျ နေထိုင်ဖြတ်သန်းစေပြီး မိဘရဲ့အုပ်ထိန်းမှုနဲ့ ခပ် ကင်းကင်း လွတ်လပ်စွာ ကြီးပြင်းတာနဲ့ မိဘတွေရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှု အောက်မှာ စည်းကမ်း တကျ မိဘပုံသွင်းတဲ့ အတိုင်း အရွယ်ရောက်ရတာ နှစ်မျိုးမှာ ကလေးတွေရဲ့ဘ၀ တိုးတက်ဖွံ့ဖြိုးမှု အတွက်  ဘယ်ဟာက ပိုကောင်းသလဲ ဆိုတဲ့ မေးခွန်းကို မကြာခဏ ဆွေးနွေးဖြစ်ပါတယ်။

ကျွန်တော့် အမြင်ကတော့ ဒီနှစ်မျိုးမှာ ပထမ တစ်မျိုးက ကလေးတွေနဲ့ မိဘက ဝေးဝေး နေပေးတယ်။ ဒုတိယ တစ်မျိုးမှာ ကလေးတွေကို အနီးကပ် ကြီးကျယ်တယ်။ သားသမီး၊ မိဘ နီးတာ ကောင်းသလား၊ ဝေးတာကောင်းသလား ဆိုရင် (ကျွန်တော်က သမီးရှင်မို့) သမီးကလေးတွေနဲ့ မနီးမဝေးနေဖို့ ကျွန်တော့်ဘာသာ အမြဲ သတိထားနေတတ်သူပါ။ ဒီနေရာမှ သားကလေးတွေ ဆိုလည်း တအားမဝေး၊ တအား မနီးလွန်းတဲ့ နေရာကနေ မိဘက ရှိနေသင့်တယ်လို့ ကျွန်တော် ယူဆတာပါ။

ကျွန်တော်တို့ ငယ်စဉ်က မိဘ အများစုက စည်းကမ်း တင်းကျပ်ကြတာ များပါတယ်။ ကလေးတွေ ကို လွတ်လွတ်လပ်လပ် ထားသူတွေလည်း ရှိပေမဲ့ အဲဒါမျိုးကို “ကလေးတွေကို စည်းမဲ့ကမ်းမဲ့ အလိုလိုက်တယ်”လို့ နှာခေါင်းရှုံတတ်တဲ့ ခေတ်ပါ။ ဒီဘက်ခေတ်မှာတော့ မိဘတွေက သားသမီးတွေ ကိုအလိုလိုက်တာ လွတ်လွတ်လပ်လပ် ထားတာက ပိုများလာတာကို သတိထားမိပါတယ်။ အဘိုး အဘွားများကလည်း ငယ်စဉ်ကသားသမီးများကို စည်းကမ်း တင်းကျပ်စွာ အုပ်ထိန်းခဲ့သည့်တိုင် မြေးများလက်ထက်မှာ အလိုလိုက်တတ်ကြတာကို မြင်ရပါတယ်။

ခေတ်ကလည်း လွတ်လပ်မှုကို အားပေးတဲ့ ခေတ်ဖြစ်တော့ လွတ်လပ်စွာ ကြီးပြင်းရတာဟာ လူငယ်တွေ အတွက် ကောင်းပါတယ်။ ဒါပေမဲ့ အတိုင်း အတာမဲ့ လွတ်လပ်မှုမျိုးကတော့ မိသားစုထဲမှာ ဖြစ်ဖြစ် လူ့အသိုင်းအ၀ိုင်း အကောင်းထက် အဆိုးတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။

ဒီနေရာမှာ ဆယ်ကျော်သက်တွေအကြောင်း ပြောမယ်ဆိုပေမဲ့ ဆယ်ကျော်သက်ဆိုတာက မိုးပေါ် ကျလာတာ မဟုတ်လေတော့ သူတို့ရဲ့ မူလအစဖြစ်တဲ့ ဆယ်ကျော်သက်လောင်းလျာကလေးဘ၀က တည်းက မိဘနဲ့ ဆက်ဆံရေးက သူတို့တစ်ဘ၀လုံးအတွက် အရေးကြီးတာကို သတိပြုရပါလိမ့်မယ်။

တချို့မိဘတွေက ကလေးဆိုတာ ၀ါးရင့်ကို ပုံသွင်းမရ၊ ၀ါးနုကိုမှ ပုံသွင်းလို့ရဆိုတာလို ငယ် စဉ်ကတည်းက ကြပ်ကြပ်မတ်မတ် ဖိဖိစီးစီး အနီးကပ် တင်းကျပ်စွာ သွန်သင်ဆုံးမတတ်ပါတယ်။  ကလေးကို အမှားမခံ၊ အတိမ်းအစောင်းမခံ စောင့်ကြည့်ပြောဆိုနေသလို ကလေးရဲ့ဆန္ဒကိုလည်း ဂရုမပြု၊ မိမိကောင်းမယ် ထင်သလို ဆုံးဖြတ်လုပ် ကိုင်သမျှကလေးကလက်ခံ နားထောင်ရမယ်လို့ ပုံသေကားကျ မှတ်ထားတတ်ပါတယ်။

ဒီလိုကလေးမျိုးတွေက တချို့လည်း မိဘ အလိုကျလိမ္မာသွားကြတယ်။ တချို့လည်း အရွယ်ရောက်လာတဲ့အခါမှာ လောကကြီးကို အဆိုးမြင်အရွဲ့တိုက်ပြီး ပျက်စီးတဲ့ဘက်ကို ရောက် သွားတတ်ပါတယ်။ မိဘအလိုကျ လိမ်္မာသွား တယ်ဆိုတဲ့ ကလေးပင်လျှင် မိမိကိုယ်မိမိ ယုံ ကြည်မှုမရှိတော့ဘဲ အားငယ်စိတ်၊ စိုးရွံ့စိတ်များ နဲ့ မိမိဘယ်တော့ အမှားလုပ်မိမလဲလို့ ပူပန်ရင်း ဘ၀ကို ဖြတ်သန်းကြရတတ်ပါတယ်။

ဒီအခြေအနေကို သည်းမခံနိုင်တော့ဘဲ ရုန်းကန်ဆန့်ကျင် လွတ်ထွက်သွားတဲ့ ကလေးကျ တော့“ဖြစ်ချင်ရာဖြစ်လုပ်မယ်” ဆိုတဲ့ အစွန်းကို ရောက်သွားပါတယ်။ ဒီနေရာမှာ ကျွန်တော်နဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်ဖူးသူ တစ်ဦးနဲ့ ဆယ်ပေပတ် လည် အခန်းကျဉ်းထဲ အတူနေခွင့်ရခိုက်မှာ သူ့ငယ် ဘ၀ကိုပြန်ပြောပြတာ သတိရမိပါတယ်။ ဒီလူက ငယ်စဉ်ကစာအလွန်တော်သူ၊ အတန်းထဲ မှာအဆင့် ၁၊ ၂၊ ၃ ကနေ မကျဖူးတဲ့သူတဲ့။ သူ က မွန်ပြည်နယ်က မြို့ကြီးတစ်မြို့ကနေ အလယ် တန်းအောင်တဲ့အခါ စည်းကမ်းကြီးတဲ့မိဘများက ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ရန်ကုန် မိတ်ဆွေ ကျောင်းဆရာ၊ ဆရာမ၊ အပျိုကြီးနဲ့လူပျိုကြီး မောင်နှမ အိမ်မှာနေဖို့ ပို့လိုက်ပါသတဲ့။

အဲဒီအိမ်မှာ စာကျက်ချိန်တွေကို အချိန်စာ ရင်းလုပ်ပေးထားတဲ့အတိုင်း ကျက်၊ ဆရာနဲ့ ဆရာမမောင်နှမဆီမှာ စာပြန်အံရ၊ သူတို့ကို လည်း တုန်နေအောင်ကြောက်ရတဲ့အပြင် စာမေး ပွဲမှာ ရီပို့ကဒ်ထွက်တဲ့အခါ တတိယရရင် ဘာလို့ ဒုတိယမရတာလဲ။ ဒုတိယရရင် ဘာကြောင့်ပထမ မရတာလဲ အဆူခံရတယ်တဲ့။

ဒါတင်မကသေးဘူး။ ပထမရရင်တောင် အရင်တစ်ခါ စာမေးပွဲထက် ဘာကြောင့် အမှတ် နည်းရတာလဲ အပြစ်တင်ခံရသတဲ့။ သူအဲဒီအိမ် မှာ နေခဲ့စဉ်အတွင်းတစ်ခါမှ မျက်နှာကောင်းမရ ဘဲအမြဲအပြစ်တင် ဆူပူကြိမ်း မောင်းနေတာပဲ တဲ့။

နောက်တော့ ဆယ်တန်းအရောက်မှာ သူဟာ အဲဒီဒဏ်ကို လုံးဝမခံနိုင်တော့ဘဲ အဲဒီဆရာ လူပျို ကြီးနဲ့ ဆရာမအပျိုကြီး စကားကိုလုံးဝနား မထောင်တော့ဘဲ ကန့်လန့်တိုက်တယ်။ နေချင် သလိုနေတယ်။ ပြန်ချင်မှ ပြန်လာတယ်။ အဲဒီလိုနဲ့ ဆယ်တန်းအတန်းတွေကိုလည်း မှန်မှန်မတက်နဲ့ တစ်ခါမှ စာမေးပွဲမှာ အမှတ်မနည်းဖူး သူက စာမေးပွဲကျတယ်။ နောက်တော့ အဲဒီအပျိုကြီးနဲ့ လူပျိုကြီးကလည်း ကလေးကို မနိုင်တော့ဘူးဆိုပြီး အိမ်ပြန် ပို့လိုက်တယ်။

သူလည်း သူ့ဇာတိကို ပြန်သွားပြီး အရမ်းကြောက်ရတဲ့ ဆရာနဲ့ဆရာမ ကိုတောင် ပုန်ကန်လာ လက်စနဲ့ အိမ်မှာလည်း နေချင်သလို နေလိုက်တာအိမ် က လက်မြှောက်လိုက်ရတယ်။ ဒီလိုနဲ့ အဲဒီတုန်းက ဆေးကျောင်းတို့ စက်မှု တက္ကသိုလ်တို့ ၀င်မယ် ထင်ခဲ့ရတဲ့ ကျောင်းသားကိုနောက်ဆုံးတော့ မိဘ တွေက မင်း ဆယ်တန်းတော့ အောင်အောင်ဖြေပါကွာလို့ ဖြစ်သွားခဲ့ရသတဲ့။ ဒါတောင် သူက ဆယ်တန်းကို ဘီနဲ့ပဲ အောင်အောင်ဖြေခဲ့ရာကနေ တက္ကသိုလ် တောင် တက်ခွင့်မရဘဲ ဂျီတီအိုင်လို့ခေါ်တဲ့ နည်းပညာဒီပလိုမာကိုပဲ ရခဲ့တယ်။

ဒီတော့ ငယ်ငယ်က ရည်မှန်းချက်ကြီးခဲ့သူ ဖြစ်ပါလျက်နဲ့ အရမ်းတင်း ကျပ်တဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းရာမှာ သည်းမခံဘဲ ရုန်းထွက်ရာက နေ လူငယ်ဘ၀မှာ ဦးတည်ချက်ပျောက်ပြီး ဘွဲ့တောင်မရခဲ့သူ တစ်ယောက်ရဲ့ ကိုယ်တွေ့ခံစားချက်ပါ။

အလားတူ တခြားသူငယ်ချင်းတစ်ဦး ကလည်း သူ့ အစ်ကိုဝမ်းကွဲက စည်းမဲ့ကမ်းမဲ့ ပျက်စီးသွားတာကို ကြည့်ပြီးသူ့ကို မိဘများက စိုးရိမ်တကြီး ဖိနှိပ်ချုပ်ချယ်ထားတဲ့အတွက် ငယ်စဉ်မှာ စိတ်ဆင်းရဲခဲ့ရပုံ၊ စာမှန်မှန်ကျက်တဲ့ ကြားက ညနေခင်းမှာ ဘောလုံးပွဲကြည့်ချင်တဲ့ သူ့မှာ မိဘတွေနဲ့အမြဲပဋိ ပက္ခဖြစ်ပြီး တစ်ခါတလေ အရိုက်တောင် ခံရတတ်ပုံ။ ဒီအတွက်အိမ်က ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြံခဲ့ဖူးပုံကိုကြီးလာမှ ရင်ဖွင့်ပြောပြဖူးပါတယ်။

ဒါက မိဘတွေက အနီးဆုံး စောင့်ကြည့်ခံရသူတစ်နည်းအားဖြင့် မိဘနဲ့ သားသမီး နီးလွန်းတဲ့ အဖြစ်ပါ။ မိဘနဲ့သားသမီး ဝေးတဲ့အိမ်တွေမှာတော့ မိဘက သားသမီးဘာလုပ်နေလဲဆိုတာ စိတ်မ၀င်စား၊ လုပ်ချင်ရာ လုပ်ပါစေ၊ သူပျော် သလိုနေပါစေဆိုပြီး လွှတ်ထားတတ်တယ်။ ကျွန်တော့်မိတ်ဆွေ ကွန်ပျူတာသင်တန်းဆရာကြီးတစ်ဦးရဲ့ အိမ်မှာ သူ့ရဲ့လေးငါးနှစ်အရွယ်မြေး က ဆရာကြီးရဲ့ တစ်ခုတည်းသော လက်တော့ပ်ကို(အဲဒီတုန်းက လက်တော့ပ် က ရှားပါးသေးတဲ့ ခေတ်ပါ) စန္ဒရားတီးသလို တဗျောင်းဗျောင်း ဆောင့် ဆောင့်တီးပြီး ဆော့နေတာကို အဘိုးရောအဘွားရော အဖေနဲ့အမေကပါ အပြုံး မပျက်ကြည့်နေတာကို မြင်ခဲ့ရဖူးတယ်။

တစ်ခါ သူ့ညီလေး နှစ်နှစ်အရွယ် ကလေးငယ်က ဆက်တီစားပွဲက မှန်ကို သံတူကြီးနဲ့ ဒုန်းဒုန်းနဲ့ထုနေတာကိုပါ မြင်ရပြန်ရော။ တားမယ့် သူမရှိ ဆွဲမယ့်သူမရှိ။ မှန်ကတော့ အခိုင်သားတော်တော်နဲ့ မကွဲပါဘူး။ ဒါကို ဆရာကြီးက အပြုံးမပျက်ကြည့်ရင်း“အဲဒါသာ ကြည့်တော့ဗျာ။ ကျွန်တော့် ပစ္စည်းတွေလည်း ဒီကောင်တွေလက် ထက်ကျမှ ကုန်တာပဲ”လို့ ကျွန်တော့် ဘက်လှည့် ပြောပါသေးတယ်။

နောက်တစ်ချက်မှာ ခွမ်းခနဲ မှန်ကွဲသံနဲ့ အတူ သူ့အမေ အပြေးအလွှား ရောက်လာပြီး သားလေး မလုပ်နဲ့ဆိုပြီး ဇွတ်ဆွဲခေါ်သွားတော့ အသံပြဲနဲ့ အော်ငိုလိုက်တာ ပွက်ပွက်ညံသွားတာပါပဲ။ ဆရာကြီးက ထားလိုက်၊ ထား လိုက်၊ လုပ်ပစေ၊ မှန်ကကွဲပြီပဲလို့ ဆိုသေးတာ။ ဆရာကြီးကတော်က ဘယ်ဖြစ်မလဲ၊ ကလေးကို စူးကုန်မယ်တဲ့။ ကျွန်တော်ဖြင့် အံ့သြကုန်နိုင်ဖွယ် မြင်ကွင်းကိုကြည့်ပြီး ဘာပြောရမှန်း မသိအောင်ပါပဲ။

သူတို့မိသားစုမှာ ကလေးမို့ လုပ်ချင်ရာလုပ်ပါစေဆိုတာအပြင် လုပ်ချင် ရာလုပ်လို့ ဖြစ်ချင်ရာ ဖြစ်သွားမှာကိုလည်း လက်ခံဖို့အဆင်သင့်ဖြစ်နေသလိုပါပဲ။ ဒီလိုမိသားစုမျိုး သိပ်များများစားစား ရှိမှာမဟုတ်ဘူးလို့ မထင်ပါနဲ့ ကျွန်တော်က ကလေးတွေကို စိတ်ဝင်စားတတ် သူမို့ ဒီလိုအဖေ၊ အမေ၊ အဘိုး၊ အဘွားတွေ ခဏခဏတွေ့ရတတ်ပါတယ်။ ကွဲသွားတဲ့မှန်က လဲလို့ လွယ်ပေမဲ့ ကျိုးပဲ့သွားတဲ့ ကလေးရဲ့စိတ် ဓာတ်၊ လူ့အဖွဲ့အစည်းမှာ အတ္တကြီးလာနိုင်သူတစ်ဦး မွေးမိလျက်သား ဖြစ်နေလို့ အက်ကြောင်းထင် သွားတဲ့ ကျွန်တော်တို့အနာဂတ် တွေအတွက်တော့ သူတို့စဉ်းစားမိပုံ မပေါ် ပါဘူး။

ကျွန်တော့် အိမ်နီးချင်း မိသားစုမှာလည်း မိသားစုပိုင် တစ်ခုတည်းသော ဟန်းဖုန်းကို သူတို့ သားလေးက ကိုင်ပေါက်နေတာ၊ ခဏ လာလည်တဲ့ နေမကောင်းတဲ့ အဘိုးကို ဆိုဖာပေါ်က မောင်းချတာ၊ ခဏ လာလည်တဲ့ ဧည့်သည်ကို နင်ပဲ ငဆဆဲဆိုတာတွေကို တားဆီးမယ့်သူ မရှိပဲ“ဒီကောင် သိပ်ဆိုးတာ၊ အဲဒါပဲ ကြည့်ပေတော့”ဆိုတာမျိုးနဲ့ ပြီးသွားတာ တွေ့ရတယ်။

ဒီမိဘတွေကတော့ ကလေးဘ၀နဲ့ အလှမ်း ဝေးဝေးမှာ နေစိမ့်လွန်းတဲ့ မိဘတွေပါ။ ကလေးကို “အလိုလိုက်”ရုံက လွဲပြီး ကလေးရဲ့အနာဂတ် အတွက် ဘယ်လိုပုံသွင်းပေးမယ်၊ ပဲ့ပြင်ပေးမယ် ဆိုတာမျိုး၊ ဒီလိုလုပ်ပေးဖို့ ကိုယ့်မှာ တာဝန်ရှိ တယ်ဆိုတာမျိုး တစ်ခါမှ စဉ်းစားပုံ မပေါ်သူတွေပါ။ “ကလေးပဲ ဘယ်နားလည်မလဲ” ဆိုတာမျိုး ရေလဲသုံးတတ်သူတွေပါ။ အဲဒီ နားမလည်တဲ့ ကလေးကို သွန်သင်ဆုံးမရမှာ၊ စည်းရုံးတာ၊ ရှင်းပြတာ၊ တားဆီးတာ၊ ဆုပေး ဒဏ်ပေး စနစ်မျိုးနဲ့ ထိန်းကွပ်ရမှာ သူတို့တာဝန်ပဲလို့ “နားမလည်လွန်း”တဲ့ လူကြီးတွေပါ။

ဒါပေမဲ့ ဒီလူကြီးတွေဟာ သူတို့ ကလေးတွေကို အကြွင်းမဲ့ အလိုလိုက်ပြီး  သူတို့ ဘာလုပ်လုပ် ထိုင်ကြည့်နေမယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ဒီလူကြီးတွေထဲက အများစုက သိပ်စိတ်မကြည်တာနဲ့လည်း ကြုံရော ကလေးရဲ့အမှားကို ဒေါသနဲ့ တုံ့ပြန်ပြီး အရင်ဖြစ်ခဲ့ တာတွေကိုပဲ စုပြီး အကြီးအကျယ် ရက်ရက်စက်စက် နှိပ်ကွပ်တတ်ပါသေးတယ်။

အဲဒါကိုပဲ ဟုတ်လှပြီ ထင်ပြီး“ကျွန်မက ကလေးတွေကို အလိုလိုက် စရာရှိလိုက်တယ်။ စိတ်နဲ့မတွေ့လိုကတော့ မျက်နှာကို ဖိနပ်နဲ့ချည်း ချပစ်တာ” ဆိုတာမျိုးကို ဂုဏ်ယူပြောတတ်ပါသေးတယ်။ ဒါမျိုး မိဘအုပ်ထိန်းသူတွေ လက်မှာ ကြီး ပြင်းရတဲ့ကလေးတွေဟာ မိမိကျူးလွန်တဲ့အပြစ်ချင်းအတူတူ အပေါ်မှာ တစ်ခါတလေကျတော့ “ဒီကောင် အတော်လူလည်ကျတဲ့ကောင်” လို့ အပြုံးမပျက် ချီးပတတ်ပြီး တစ်ခါတလေမှာ ဖိနပ်နဲ့ပါးချခံရတော့ လောကကြီး အပေါ် အယုံအကြည် ကင်းမဲ့ သွားတတ်ပါတယ်။ လောက ကြီးက မိမိလုပ်ရပ်အပေါ် တုံ့ပြန်မှုက အကောင်းအဆိုး အပေါ် မူတည် တာမဟုတ်ဘဲ အဆင်ပြေခြင်း၊ မပြေခြင်းအပေါ် မူတည်တယ်လို့ နားလည် သွားပါတယ်။

ဒီတော့ အဆင်ပြေတဲ့အခါ ပြေသလို အခွင့်အရေးကို အပြည့်ယူ၊ မပြေတဲ့ အခါကျ မပြေသလို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီး နောက်ဆုတ်ဆိုတဲ့ “လူလည်ကျခြင်း”အတတ်ပညာကို ဘ၀ပေး အခြေအနေအရ တတ်မြောက် သွားပါတော့တယ်။ ငယ်စဉ်ကတည်းက အစွဲက ကြီးတဲ့အထိ ကပ်ပါသွား တတ်တာမို့ လောကကြီးကို အမှားအမှန် ဆင်ခြင် ရပ်တည်ဖို့ထက် ယောယိမ်း လိုက်၊ ဘသားယိမ်းလိုက် လူစားမျိုး အဖြစ် လျှောက်လှမ်းသွားဖို့ မိဘက ပုံသွင်း ပေးလိုက်သလိုပါပဲ။

ဒီကလေးတွေဟာ မိဘက သူတို့ လိုချင်တာဆိုတာ ဘာမဆိုလုပ်ပေး တာမို့ ကျန်တဲ့သူတွေဆီကလည်း ဒီလိုပဲရမယ်လို့ ထင်နေတတ်ပါတယ်။ ပြီးတော့ သူတစ်ကိုယ်ကောင်းဆန်ဆန် လုပ်ချင် ရာလုပ်လိုက်လို့ တစ်ဖက်မှာ ဘယ်လိုနစ်နာ သွားမယ်ဆိုတဲ့ စာနာစိတ်လည်း မရှိတတ်ပါဘူး။ လူမှုဆက် ဆံရေးမှာဗိုလ်ကျကြည့်မယ်၊ အဆင် မပြေရင်တော့ မျက်နှာချိုသွေးမယ် ဆိုတဲ့ (ကြီးကြီးကျယ်ကျယ် ပြောရရင်) လူ့အဖွဲ့ အစည်း အတွက် ဓမ္မန္တရာယ် ဖြစ်စေမယ့် လူမျိုးဖြစ်လာ တော့တာပါပဲ။

ပြီးတော့ နေသာချင်သာ၊ ရုတ်တရက် အုံ့မှိုင်းလို့မှိုင်း၊ ချက်ချင်းမုန် တိုင်းကျလိုကျ ဖြစ်တတ်တဲ့ မိဘများရဲ့ ဆက်ဆံရေး ရာသီဥ တုအပေါ် အယုံအကြည်ကင်းမဲ့ပြီး မိဘမေတ္တာကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိတော့ပါ ဘူး။ အဲဒီလို မိဘအများစုကလည်း ကလေးကို ကောင်းကောင်းကျွေးမယ်။ ကောင်းကောင်းဆင် ပေးမယ်။ ပိုက်ဆံရှာပေးမယ်။ အလိုလိုက်မယ်၊။ လိမ္မာအောင် သွန်သင်တာတို့။ ပညာတော်ဖို့တို့။ စာရိတ္တကောင်းဖို့ဆိုတဲ့ ကိစ္စတွေကတော့ နောက် ကျောင်းတွေ ဘာတွေထားတော့မှ သွန်သင်သူ တွေ ရှိလိမ့်မယ်။ ကိုယ်တိုင်ကတော့ အဲဒီအတွက် အချိန်မပေးနိုင်ဘူး။ သို့မဟုတ်ကိုယ် တာဝန် မဟုတ်ဘူး။ သို့မဟုတ် ကလေးက ဆုံးမသွန်သင် ဖို့လိုတဲ့ အရွယ်မဟုတ်သေးဘူး စသည်ဖြင့် အတွေးမှားနေတတ်သူများ ဖြစ်ပါတယ်။

ဒီလိုကလေးကို အလိုလိုက်ပြီး ဘာမှမသိတဲ့ ကလေးက သူ့မွေးရာပါ ဗီဇအရအတ္တစိတ်နဲ့ လုပ်ချင်ရာလုပ်သမျှကို“ကလေးပဲ”ဆိုပြီး လက်ပိုက်ကြည့် နေတာဟာ ကလေးကိုတစ်အိမ် တည်းနေရင်း အဝေးကို စွန့်ထားသလိုပါပဲ။

ဒီတော့ ကလေးနဲ့ ဝေးလွန်းခြင်း၊ နီးလွန်း ခြင်းနဲ့ ကလေးရဲ့အနာဂတ်၊ ကျွန်တော်တို့ လူ့ ဘောင် လောကရဲ့ အနာဂတ် အတွက် အန္တရာယ် အရမ်းကြီးတာမို့သားလေး သမီးလေးတို့နဲ့ မနီး မဝေး နေရအောင်လို့ အကြံပြုတာပါ။

နောင်အလျဉ်း သင့်တဲ့အခါကျ သမီးတွေ အပေါ် ကျွန်တော့်ရဲ့ပုံလောင်း သွန်သင်မှု အတွေ့ အကြုံအရ မှန်လို့ အကျိုးရှိခဲ့တာ၊ မှားသွားလို့ ဘေးထွက်ဆိုးကျိုးဖြစ်ခဲ့တာတွေကို မျှဝေတင်ပြ ဆွေးနွေးပါဦးမယ် ခင်ဗျာ။
မိဘတိုင်း ဥယျာဉ်မှူးကောင်း ဖြစ်နိုင်ကြပါစေ။             
မောင်လွင်မွန်(ကသာ)
Teen Magazine မေလ၊ ၂၀၁၂

0 ခု - မှတ်ချက်ရှိသည်:

Post a Comment