လောင်းလောင်း လောင်း လိုက်ပါ
- ရီနေနိုင် -
သည်သီချင်း
ကိုတော့ လူတိုင်း ကြားဖူးမှာပါ။ လောင်း.. လောင်း.. လောင်း လိုက်ပါ ဆိုတာလေ။ လွန်ခဲ့တဲ့
နှစ် နှစ်ဆယ် လောက်က သင်္ကြန်မိုး ဇာတ်ကားကြီး ပြပြီး ကတည်းက လူတိုင်း ပါးစပ်ဖျားမှာ
ရေပန်းစား ခဲ့တဲ့ သီချင်းပေါ့။ အဲဒီ ကာလများ တုန်းကဆို သင်္ကြန် မဟုတ် ဘဲနဲ့တောင် တစ်နှစ်ပတ်လုံး
ဒီသီချင်းကို ဖွင့်ခဲ့ကြ တာလေ။ အခုတော့ သင်္ကြန်ဆို ကြားနေ ရသေး ပေမယ့် ကျန်အချိန် များမှာတော့
သိပ်မဖွင့်ဖြစ် မဆိုဖြစ် ကြပါဘူး။ ဒါပေမဲ့ ကျွန်တော့် နားထဲ မှာတော့ အဲဒီ သီချင်းသံကို
အမြဲကြားနေရ သလိုဘဲ။ ဘာတဲ့.. လောင်း လောင်း.. လောင်းလိုက်ပါ၊ ရွှဲအောင် လောင်းလိုက်ပါ
ဆိုတာ။ ဒါပေမဲ့ ကျွန်တော် ကြားနေမိ တာတော့ လောင်း လောင်း.. လောင်းလိုက်ပါ မွဲအောင်
လောင်းလိုက် ပါများ ဖြစ်နေ လား..။
မွဲအောင် လောင်းတာတော့
ဟုတ်မှာ မဟုတ်ပါဘူး။ ချမ်းသာ ချင်လို့ လောင်းနေကြ တာပါ။ ဒါပေမဲ့ လူ တစ်ထောင် လောင်းရင်
ချမ်းသာ သူက သုံးလေးဆယ် မွဲသူက ရှစ်ရာ ကိုးရာ ဆိုတော့ နိုင်ငံ အနေနဲ့ ကြည့်ရင် မွဲအောင်
လောင်းသလို ဖြစ်နေတာ သေချာ တာပေါ့။ ဒီကိစ္စက အခုမှ ဖြစ်တာ တော့ မဟုတ် ပါဘူး။ တကယ်တော့
တစ်ခါက ခေတ်ဟောင်း စနစ် ဟောင်းရဲ့ လက်ကျန်ပါ။ ၁၉၈၈ ခုနှစ် မတိုင်မီ ကတည်းက အမျိုးသား
စာပေ ဆုရ ဝတ္ထု တစ်ပုဒ် အမည်က “ချဲထိုးရင် တဲထိုး ရမယ်” ဆိုကိုး။ ဒါပေမဲ့ လူတွေ ကတော့
တဲထိုး ရမှာက ကျန်တဲ့ သူတွေ ဖြစ်ပြီး ကိုယ်ကတော့ တိုက်ဆောက် ကားစီး ရမှာချည်း ထင်ထင်ပြီး
ထိုးနေ ကြတာများ အခုနေ လူ မသေဆေး ဖော်ဖို့ ချဲမထိုးတဲ့ အိမ်က မုန်ညင်းဆီ ရှာမှ ရမယ်
ဆိုရင်တောင် ရဖို့ အတော် ခက်မှာ သေချာ ပါတယ်။
ဒါပေမဲ့ မရှက် မကြောက်
ကပ်ပြီး ကြွားရမယ် ဆိုရင် ကျွန်တော်တို့ အိမ်ကတော့ ချဲ တကယ်ကို မထိုး ဘူးတာ အမှန်ပါ။
ကိုယ်တိုင်က လောင်းကစား စိတ် ငယ်ငယ် ကတည်းက
ဝေးခဲ့ပြီး တက္ကသိုလ် ကျောင်းသား ဘဝ မှာလည်း ကင်းတို့ ကွင်းတို့ ဂျက်တို့ တစ်တို့ ဘယ်ဟာက
ကြီးမှန်း သေးမှန်း မသိ၊ ဖဲသမား စကားနဲ့ ပြောရရင် “ရန်နင်” မစီတတ် သမို့ ကိုယ်နေခဲ့တဲ့ အဆောင်က ဇွဲကပင်မှာ ဖဲဘုရင် ချည်းလို့
ဆိုပေမယ့် ကိုယ်ကတော့ အဲဒီဘက်မှာ ညံ့တာ အမှန်ဘဲ။
အခု ကျတော့ အဲဒီ ကိစ္စမျိုးမှာ ကိုယ့်ထက် ဒုံးဝေးတဲ့ မိန်းမမျိုး ရထားတော့ ချဲကို အသာထား
အဲဒီ နှစ်လုံးတို့ သုံးလုံးတို့ ဘော်လုံးတို့ ကလည်း အိမ်ထဲ ရောက်မလာ ပါဘူး။ ပိုကာတို့
ကိုးမီးတို့ ဘူကြီးတို့ အလယ်ပုံတို့ လေးကောင် ဂျင်တို့ ဆိုတာ ဝေးလာ ဝေးပါဘဲ။ ဘာလဲ၊
ဒီလောက်တောင် မိသားစုလိုက် လောင်းကစားနဲ့ ဝေးတယ် ဆိုတာ မယုံ နိုင်အောင် ဖြစ်နေ လား။
မယုံရင် လောင်းလိုက်လေ၊ ဟဲ..ဟဲ။ ကျွန်တော် ပြောချင် တာက အဲဒီလို ဝေးတဲ့ အတွက် ဒဲ့တို့
တွတ်တို့ ထိပ်စီးတို့ နောက်ပိတ်တို့ ခွတာတို့ ပူးတာတို့ ပတ်တာတို့ ဆိုလည်း ဘာမှန်း
မသိ။ ဒီနေ့ ဘာဂဏန်းလဲ၊ အခု ဘာဟော့ နေလဲ၊ ဘာထွက် သွားလဲ ဆိုတာမျိုး တွေကို ကိုယ်နဲ့
လုံးဝ မရင်းနှီးဘဲ အခုမှ မြင်ဖူးတဲ့ ဈေးသည်တို့ ဈေးဝယ် အချင်းချင်းတို့ ကား စပယ်ယာတို့
ဘတ်စ် ခရီးသည် အချင်းချင်း တို့က လက်တို့ မေးလာ ရင်လည်း မျက်လုံး ကြောင်တောင်နဲ့၊ ဘာပြန်
ဖြေရမှန်း မသိလို့ “မသိဘူးဗျ” လို့ ခပ်လေးလေး ပြောမိရင်ဘဲ မိုးပေါ်ကျ ဂြိုဟ်သား တစ်ကောင်ကို
တွေ့ကြ သလို ဝိုင်း အကြည့်ခံ ရတာ ခဏ ခဏလေ။ တကယ်တော့ ကိုယ်ကသာ စည်း အပြင်ကလူ ဖြစ်နေတာ
ဖြစ်ပြီး အများစု ကတော့ “လောင်း.. လောင်း.. လောင်းလိုက်ပါ” ပဲ ဖြစ်နေ တာကို ခဏ ခဏ စဉ်းစားမိ
ပါတယ်။ လောင်းတယ် ဆိုတဲ့ ကိစ္စဟာ ဘာမှ အထူး အဆန်း မဟုတ် သလို ဘယ်သူမှ ကင်းတာ မဟုတ်ဘူးလို့
အများစုက မြင်နေကြ ပုံပါဘဲ။ နည်းနည်း လောင်းသူနဲ့ များများ လောင်းသူ၊ ကြုံမှ လောင်းသူနဲ့
စွဲစွဲမြဲမြဲ လောင်းသူ၊ အိပ်မက် အရ လောင်းသူနဲ့ အမြဲ လောင်းလို့ အိပ်မက် နေတတ်သူ ဆိုတာ
မျိုးဘဲရှိပြီး “ဘယ်တော့မှ မလောင်းသူ” ဆိုရင်တော့ လူဟုတ် မဟုတ် မသေချာလို့ “ဇူး” ကိုသာ
ပို့ထား လိုက်တော့လို့ ပြောမယ့် သူတောင် ရှိကောင်း ရှိလိမ့်မယ် ထင်ပါရဲ့ဗျာ။
ဒီနေရာမှာ လွန်လေ
ပြီးသော တစ်ခေတ် တစ်ခါက ချဲ စီးပွားရေး သမား တချို့တို့ ဘဝကို နည်းနည်း ပြောချင် ပါတယ်။
အဲဒီ ကာလ တုန်းက ပေါ့ဗျာ။ “ချဲ” ရောင်းမယ့် သူက “ချဲ” ဖမ်းမယ့် သူကို ကျွန်တော့်မှာ
တခြားလည်း အဆင် မပြေလို့ ဒါလေးတော့ လုပ်စား ပါရစေ ဆိုပြီး သွားခွင့်တောင်း သလို ပြောတဲ့
အခါ ဟိုလူက အလွယ် လက်ခံ ခေါင်းညိတ် လောက်အောင် မိုက်မဲတာ မျိုးတော့ လုံးဝ မဟုတ် ဘူးတဲ့။
သူက “အေး၊ မင်းကို ငါက “နားလည်” ပေချင် ပါတယ်ကွာ၊ ဒါပေမဲ့ ငါ့မှာက တာဝန် နဲ့ကွ၊ စီမံချက်နဲ့
လုပ်ပြီ ဆိုရင် မင်းတို့ကို ထားခဲ့ လို့ရတာ မဟုတ် ဘူးနော်” လို့ ခပ်ရှင်းရှင်းဘဲ
ပြောတာတဲ့။ ဒီတော့ ရောင်းသူ ကလည်း “ဟုတ်ကဲ့၊ နားလည် ပါတယ် ခင်ဗျ၊ ဒါပေမဲ့ တတ်နိုင်
သလောက် စောင့်ရှောက် ရင်ဘဲ ကျေနပ် ပါပြီ” လို့ ပြောသတဲ့။ “အေး၊ ပြောမရလည်း မင်းထိုက်နဲ့
မင်းကံ ပေါ့ကွာ” ဆိုပြီး အင်း..။ သူပြောတဲ့ အတိုင်းဘဲ။ စီမံချက် ဆိုတာကြီးကျ ဖမ်းတာ
ပဲလေ။ အဲဒီတော့ အဖမ်းခံရတဲ့ ရောင်းသူရဲ့ လင်တို့ မယား တို့က တရား သူကြီးဆီ သွားရ တာပေါ့။
တရား သူကြီး ကလည်း “ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတာ မင်းတို့ မသိ ဘူးလား၊ မင်းတို့
ငါလွှတ် လိုက်ရင် ငါထမင်းအိုး ကွဲမှာ ပေါ့ကွ” လို့ ပြောတာတဲ့။ အဲဒီတော့ “ဟုတ်ကဲ့၊ နားလည်
ပါတယ်ရှင့်၊ ထိုက်သလောက် စောင့်ရှောက် ရင်ပဲ ကျေနပ် ပါပြီ” ဆိုတော့ “အေး၊ မင်းတို့ကြောင့်
ခက်တာဘဲ” လို့ ပြောပြီး လုပ်နေကျ အတိုင်း လုပ်ရ တာပေါ့။ လုပ်နေကျ အတိုင်း ဆိုတာက နောက်ဆုံးမှာ
ထောင်ချလိုက် တာပါဘဲတဲ့။
အဲဒီ ခေတ်ကြီးမှာ
ထောင်ထဲ ရောက်တော့လည်း ထောင်ထဲမှာ အဆင်ပြေ အနေချောင် ဖို့တို့ ၊ ထောင့်အပြင် တန်းမကျ
အောင်တို့ ဟိုဟိုဒီဒီ မရောက်အောင် တို့အတွက် မိသားစုက လိုက်ရတော့ တာဝန် ရှိသူက ဟိုရှေ့က
ဆရာများ နည်းတူပဲ မိုက်မိုက်မဲမဲ အလွယ် လိုက်လျော တယ်တော့ မထင်နဲ့တဲ့။ နင်တို့ ပြောတိုင်း
လုပ်ပေးလို့ ရမလား၊ ငါက ဘယ်စခန်း ဘယ်နှယောက် ပို့ဆို ပို့ရမှာ ငါ့တာဝန်၊ ငါကတော့ လုံးဝ
တာဝန် မယူဘူး လို့ကို ငြင်းတာတဲ့။ ဒါပေမဲ့ “ဟုတ်ကဲ့၊ ကျွန်မတို့ နားလည် ပါတယ်၊ ဆရာ
ထိုက်သလောက် စောင့်ရှောက် ရင်ဘဲ ကျေနပ် ပါပြီ” လို့ ပြောကြ ပြန်တာတဲ့။ ဒီတော့ “ထိုက်”
သလောက်ပဲ သူလုပ်ပေး မှာပေါ့။ ထိုက်တာထက် ကျော်ရင်တော့ ကံပဲပေါ့။ သူလည်း အလုပ် အထိခိုက်
ခံပြီးတော့ ဘယ်လုပ်ပေး မလဲ။ ဒီတော့ “ချဲ” သမား များဟာ ဘယ်လောက် လည်လည် အပြစ် မခံရ ဘူးတော့
မထင်နဲ့။ ခံရတာ ပါဘဲ။ ငွေကုန် လူပန်း ဖြစ်တာ ပါဘဲ။ ဒါပေမဲ့ “မျိုး” က မပြတ် နိုင်ဘူး။
ဒီတော့ အဲဒီ ခေတ်ကြီးက “အမွေ” အဖြစ် သယ်ဆောင် လာတဲ့ ချဲရောင်း ချဲဝယ်ဟာ အခုအထိ အလုံး
အထည်နဲ့ ကျန်နေပြီး သည်နေ့အထိ “လောင်း လောင်း လောင်း လိုက်ပါ” ဖြစ်နေတာ ပါဘဲ။
ဒါပေမဲ့ ကျွန်တော်တို့
ငယ်ငယ်က မြန်မာ အသံမှာ ခဏခဏ ကြားခဲ့ရတဲ့ “မနေ့ကနဲ့
မတူပြီ၊ ယနေ့ တမူထူးပြီ” ဆိုတဲ့ သီချင်းလို အဲဒီ ကာလဆိုး ကြီးက မနေ့က ထဲမှာ ကျန်ခဲ့ပါပြီ။
ဒီနေ့ ကတော့ မနေ့ကနဲ့ လုံးလုံး မတူတော့ပါဘူး။ သမ္မတကြီး ကိုယ်တိုင်က လာဘ်ပေး လာဘ်ယူ
တွေကို တိုက်ဖျက်ဖို့ အရှိန် အဟုန်နဲ့ လုပ်ဆောင်
နေပြီး အကျင့်ပျက် ခြစားမှု ဆိုတဲ့ ဆူးငြောင့် ခလုတ် တွေကို ဖယ်ရှားမှ လျှောက်လှမ်း
ရမယ့် ခရီးလမ်း ချော့မွေ့မယ် ဆိုတာလည်း ရှင်းရှင်း ပြောထား ပြီးပြီ။ ဒီတော့ ဆူးငြောင့်တွေ
ကတော့ အနှေးနဲ့ အမြန် ဖယ်ရှားခံရ တော့မှာ သေချာတယ်။ မကြာသေးခင်ကဘဲ ပထမဆုံး လာဘ်စားမှု
အရေးယူခြင်း အဖြစ် ကားမှောင်ခို ကိစ္စနဲ့ ပတ်သက်ပြီး အကောက်ခွန် ဝန်ထမ်း တွေကို ပြတ်ပြတ် သားသား အရေးယူတဲ့ သတင်း ဖတ်ခဲ့ ရတယ်။ နိုင်ငံ
အတွက် အကောက်ခွန် ရှာပေး ရာမှာ အခွန် အဖြစ်တော့ “အခွံ” လောက်ဘဲ ပေးပြီး မိန်းမနဲ့ သားသမီး
တွေကို “အသား” ပေးခဲ့သူ များကို အရေး ယူပြီးတဲ့ နောက်တော့ “အခွံ” တောင် မချန်သူ တွေရဲ့
အလှည့်ဘဲ။ သတိသာထားကြပေတော့။ ပြီးတော့ ဒီနေ့ ဝန်ထမ်းများ အရာရှိများ လုပ်သမျှ ကိုလည်း
စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ မီဒီယာကြီးက စောင့်ကြည့် ထုတ်ဖော် နေပြီလေ။ ဒီတော့ ချဲရောင်း ချဲဝယ်များ
ဟာလည်း အနှေးနဲ့ အမြန် ချုပ်ငြိမ်း တော့မှာ ပါဘဲ။ ဟိုအရင် ကလို ချဲရောင်းလို့ အဖမ်း
ခံရသူက စခန်းမှာ ရှိတုန်း “ဆရာ၊ ဒီနေ့ ဘာဂဏန်း ထွက်တာလဲ” လို့ မေးရဲ တဲ့ခေတ်၊ အချုပ်သားက
စောင့်တဲ့သူကို အပြင် ထွက်ရင် ကျွန်တော် ကြိုက်ဂဏန်းလေး ရှိလို့ ထိုးခဲ့ ပေးပါလို့
မှာရဲတဲ့ ခေတ်တွေက “မနေ့က” ဆိုတဲ့ ကာလထဲ ကျန်ရစ် ခဲ့ပါပြီ။
မကြာ မတင်ပဲ လာဘ်ပေး
လာဘ်ယူကို ပြတ်ပြတ် သားသား နှိမ်နင်း၊ လောင်းကစား ဥပဒေကို တိတိကျကျ ကိုင်တွယ် လိုက်တာနဲ့
အမျှ ချဲတို့ ချိုင်းတို့ ဆိုတာ ဘာလဲ ဟင်လို့ နောက် မျိုးဆက်သစ် များက မေးလာ ရင်တောင်
အတော် နားလည်အောင် (အင်ဆိုက် ကလို ပီးဒီးယား တို့ဘာတို့ အကူအညီနဲ့) ရှင်းပြရတဲ့ ကာလကို
ရောက်ဦးမှာ သေချာတယ်။ ဘာလဲ။ ခင်ဗျားက ချဲ လုံးလုံး ပျောက်သွားမယ် ဆိုတာကို မယုံဘူးပေါ့။
ဖြစ်ကိုဖြစ်မှာပါ။ မယုံရင် လောင်းလိုက်လေ။ဟဲ..ဟဲ။
အင်းလေ။ တကယ်တော့
ပြောသလောက် လည်း လွယ်တော့ ဘယ်လွယ် ပါ့မလဲ။ လောင်းကစား ဝါသနာ ဆိုတာက ဖျောက်ဖို့ အတော် ခဲယဉ်းတယ် ဆိုဘဲ။ ဒီနေရာမှာ ငယ်ငယ်က ဖတ်ဘူးတဲ့
ဟာသလေး တစ်ပုဒ်ကို သတိရမိပါတယ်။ ရေးသူ ကတော့ တပ်ထဲက စပ်ဖြဲလား၊ ဗိုလ်လိပ်ပု လားတော့
မမှတ်မိ တော့ပါဘူး။ ကျွန်တော်တို့ ငယ်စဉ် ကာလက စွဲမက်ဖူးတဲ့ တပ်မတော်သားဟာသတွေကို
အစဉ် တစိုက် ရေးခဲ့သူ တစ်ယောက် ယောက်ရဲ့ လက်ရာ ပါ။ ဇာတ်လမ်းက တစ်နေ့မှာ တပ်ကြပ်ကြီး
တစ်ယောက်က သူ့တပ်စုက ရဲဘော် တစ်ယောက် လောင်းကစား သန်လွန်းလို့ ဆုံးမရ ခက်ပုံ လာတိုင်တော့
ဗိုလ်ကြီး လုပ်သူက သူ့ဆီ လွှတ်လိုက် ခိုင်းပါတယ်။ ရောက်လာတော့ လောင်းကစားက ကောင်းကျိုး
မပေးပုံကို ဗိုလ်ကြီးက ဆုံးမ တာပေါ့။ ဒီတော့ ရဲဘော်က သူ့အနေနဲ့ နိုင်ဖို့ သေချာမှသာ
လောင်းတာမို့ တစ်ခါမှ မရှုံးဖူးကြောင်း ပြောပြီး ယခုလည်း ဗိုလ်ကြီး နှာခေါင်းကို ကြည့်ပြီး
ဗိုလ်ကြီးမှာ လိပ်ခေါင်း ရှိတာ သေချာကြောင်း ပြောတော့ ဗိုလ်ကြီး ကလည်း သူ့မှာ မရှိကြောင်း
ပြောတယ်။ နောက်ဆုံး ငြင်းခုံ ကြရင်း ရဲဘော်က သူက သေချာ နေတာမို့ လောင်းမယ်ဆို လောင်း
နိုင်ကြောင်း ပြောတာနဲ့ ဗိုလ်ကြီး ကလည်း သူ့ လောင်းကစား ဝါသနာကို ချွတ်ချင်လို့ ငွေတစ်ရာ
အလောင်း အစား လုပ်လိုက်တယ်။ နှစ်ဦး သဘောတူ လောင်းပြီးမှ ဗိုလ်ကြီးက သူ့မှာ လိပ်ခေါင်း
မရှိကြောင်း ဘောင်းဘီ ချွတ်ပြ လိုက်တော့ ရဲဘော် ရှုံးသွားပြီး ငွေတစ်ရာ ဆုံးသွားတယ်။
(အဲဒီ ကာလ ဈေးနဲ့ ရွှေငါးမူးသား နီးနီးပေါ့)။ ဒါနဲ့ ဗိုလ်ကြီးက ရဲဘော်ဆီက ငွေတစ်ရာ တောင်းပြီး
နောင်ကို မလောင်းဖို့ ဆုံးမ လိုက်တယ်။ ပြီးတော့မှ တပ်ကြပ် ကြီးကို ခေါ်ပြီး သူဘယ်လို
ဆုံးမ လိုက်ကြောင်း ပြောပြတယ်။ တပ်ကြပ် ကြီးက “သွားပါပြီ ဗိုလ်ကြီးရာ၊ ဗိုလ်ကြီး အခန်းထဲ
ရောက်ရင် ဗိုလ်ကြီးက သူ့ကို ဘောင်းဘီ ချွတ်ပြီး ဖင်ကုန်း ပြမယ်လို့ ငွေ သုံးရာကြေး
လောင်းသွားတယ်။ ကျွန်တော် ကလည်း ဗိုလ်ကြီး ဘယ်နည်းနဲ့မှ ဒီလိုတော့ လုပ်မှာ မဟုတ်ဘူး
ဆိုပြီး သုံးရာ လောင်းလိုက် မိတယ် ခင်ဗျ” တဲ့။
ဒီဟာသ လေးကို ငယ်စဉ်က
တပ်မတော် စာစဉ်မှလား၊ တပ်မတော် ဟာသ ပေါင်းချုပ်လို စာအုပ်မှာ ဖတ်ခဲ့ဖူး တာပါ။ နောင်တော့လည်း
အလားတူ ပုံပြင်ကို ထပ်ဖတ်ရ ဖူးပါတယ်။ ဒါပေမဲ့ ဇာတ်ကောင်က ဗိုလ်ကြီး မဟုတ်၊ လောင်းကစား
စွဲသူ ကလည်း ရဲဘော် မဟုတ် တော့ဘဲ သူကြီးနဲ့ ရွာသား၊ အရာရှိနဲ့ ဝန်ထမ်း စသဖြင့် ဖြစ်သွား
ပါတယ်။ မူလ စွဲခဲ့ပြီးသား တပ်မတော် ဇာတ်လမ်းလေး ဘာကြောင့် ပြောင်း သွားတယ် ဆိုတာ ကျွန်တော်ဖြင့်
နားမလည် နိုင်ဘူး။ တပ်မတော် ဟာသ ဇာတ်လမ်း များဟာ တပ်မတော်သား များရဲ့ ဘဝကို စာဖတ်သူနဲ့
နီးစပ်စေ ပါတယ်။ တပ်ထဲ မှာ အပြင် လောက လိုပဲ အူကြောင်ကြောင်လူ၊ မေ့တတ်သူ၊ နှမြော တတ်သူ၊
ဒေါသကြီးသူ၊ ထူလွန်း အလွန်းသူ စသဖြင့် ရှိတတ်ပြီး ဟာသပုံပြင် တွေလည်း ရှိတတ်ပုံကို
ဖတ်ခဲ့ ရတာဖြင့် တပ်မတော် ဆိုတာ ကိုယ့်သွေးထဲ သားထဲက လိုဘဲ ဆိုတာ ခံစားစေပါတယ်။
စကားစပ် မိလို့ သတိရတာ
ပြောရရင် အဲဒီလို စွဲခဲ့တဲ့ တပ်မတော် ဟာသတွေ အတော် များများ ရှိတယ်။ တချို့လည်း ဘာသာပြန်
ဖြစ်မယ်။ ဟာသ တစ်ပုဒ်မှာ စစ်သမီး ချောချောကို လူပျို သဘာဝ အတိုင်း ချဉ်းကပ်ရင်း အဆင်
မပြေ ဖြစ်တဲ့ တပ်ရေး ဗိုလ်ကြီးက စစ်သမီးတို့ တပ်ခွဲကို ယူနီဖေါင်း စစ်မယ်တဲ့။ စစ်သမီးက
သူနဲ့ အဆင် မပြေ တာကို အကြောင်း ပြုပြီး မညစ် နိုင်အောင် ယူနီဖေါင်း အကျအန ပြင်ဆင်
မီးပူတိုက်၊ ပြီးတော့ ဖိနပ် ကိုလည်း ပြောင်အောင် တိုက်လို့ပေါ့။ တကယ် စစ်တဲ့နေ့ ကျတော့
စစ်သမီးဟာ ပြစ်ချက် တွေ့တဲ့ အတွက် တပ်ပြင် ထွက်ခွင့် တစ်ပတ် အပိတ် ခံရ တယ်။ သူ့ သူငယ်ချင်းက
“နင် ဘယ်လို ဖြစ်တာလဲ၊ ဖိနပ် ပြောင်အောင် မတိုက် လို့လား” ဆိုတော့ “ဖိနပ် တိုက်တာ ပြောင်လွန်း
သွားလို့ ဟာ” တဲ့။ “ဘယ်လို..၊ နင့်အပြစ်က ဘာတဲ့လဲ” ဆိုတော့ “အတွင်းခံ မဝတ်လို့ တဲ့ဟာ”
တဲ့။ အောက်ပိုင်း ပြက်လုံးလေး တစ်ခုကို ပညာသား ပါပါ တင်ဆက် ထားပုံက သဘော ကျစရာဘဲ။ အလားတူ
သဘောကျ မိတဲ့ ဟာသ တစ်ခုက ရဲဘော် တစ်ဦးက တပ်ထဲက ထွက်ခွာ တောင်းတာကို အရာရှိက အကြောင်းရင်း
ကိုမေးတော့ သူရူးနေလို့ ထွက်ချင်တာ ဖြစ်ကြောင်း ပြောသတဲ့။ “မင်းကို ရူးတယ် ဘယ်သူ ပြောလဲ”
ဆိုတော့ ဘယ်သူမှ မပြော ပါဘူးတဲ့။ ဒါဆို မင်းကိုယ်မင်း ထင်နေလို့လား ဆိုတော့ ဒီလိုလည်း
မထင် ပါဘူးတဲ့။ “ဒါပေမဲ့ ဗိုလ်ကြီးရယ်၊ အရူးက သူ့ကိုယ်သူ ရူးတယ်လို့ ဘယ်တော့မှ မထင်ဘူး
တဲ့ခင်ဗျ၊ ကျွန်တော်လည်း ကိုယ့်ဖါသာ ရုးတယ်လို့
မထင်ပါဘူး။ ဒီတော့ ကျွန်တော် ရူးနေပါတယ်၊
ထွက်ပါရစေ” လို့ ပြန်ပြောတယ်။ အရာရှိက ဘာပြော ရမှန်း မသိ ဖြစ်နေတုန်း ရဲဘော်က “ဗိုလ်ကြီးကော
ကိုယ့်ဖါသာ ရူးတယ်လို့ မထင် ဘူးလား” တဲ့။ အရာရှိက “ဟာ ဘာလို့ ထင်ရ မှာလဲကွ” လို့ ဆိုတော့
ရဲဘော်က ဝမ်းသာ အားရနဲ့ “ဟန်ကျ လိုက်တာ ဗိုလ်ကြီးရာ၊ အတူတူ ထွက်ကြ တာပေါ့” တဲ့။ ကဲ..
ဒါလည်း ဟုတ်သား ဘဲနော်။ အခု ပုံပြင်လေး
ကလည်း ချစ်စရာပါ။ ရဲဘော်တွေကို ကိုယ့်သားသမီး ရင်းလို ပဲ့ပြင် ဆုံးမ ပေးလိုတဲ့ ဗိုလ်ကြီး
တစ်ဦး အကြောင်းကို လောင်းကစရဲ့ ဆိုးကျိုး နဲ့ပါတွဲပြီး
ကိုပါ မြင်သာ အောင် ပြန်ဖော်ပြ ပေးလိုက် တာပါ။ ဒီလို ဖော်ပြ ရာမှာ သူကြီးနဲ့ ရွာသားတို့
အရာရှိနဲ့ ဝန်ထမ်းတို့ ပြောင်းစရာ မလိုဘဲ မူရင်း ပုံပြင်အတိုင်း စာဖတ်သူတို့ ဖတ်ခွင့်
ရမယ်လို့ ယုံကြည်လို့ ပြန်ရေး ပြလိုက် တာပါ။ ကျွန်တော် ယုံသလို မယုံနိုင်သူ များလည်း
ရှိနိုင်ဦး မှာပါ။ ရှိရင်တော့ ကျွန်တော်က စိန်တောင်
ခေါ်လိုက် ချင်ပါ သေးတယ်။
မယုံရင်လောင်းလိုက်လေလို့..ဟဲ..ဟဲ..။ ။
0 ခု - မှတ်ချက်ရှိသည်:
Post a Comment