Thursday, February 28, 2013

ကြားညပ်နေသူများ


ကျွန်တော့် အိမ် ရှိရာ ဘုရင့်နောင် ပွဲရုံ တန်းမှ ရုံးကား ဖယ်ရီ ရပ်ရာ သမိုင်းဘက် ကို သွားသည့် ဒိုင်နာကား လိုင်းများက အလုပ် သွားချိန် မနက် တိုင်း ဖောက် သည် ဖြစ် သည့် အတိုင်း
ဒိုင်နာပေါ် ကျွန်တော် တက်မိ ချိန်တွင် ကံအားလျော်စွာ အတက် အဆင်းနှင့် ကပ်လျက်တွင် တစ်နေရာ စာလွတ် နေ၍ ထိုင်ခွင့် ရသည်။ ယင်းနေရာက အတက် အဆင်း လွယ်သဖြင့် လွတ် နေဖို့ ဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲပင်။

နေရာ လည်းရ ကားက လည်းမကြာမီ ထွက်သဖြင့် ၀မ်းသာရသည်။ ကိုယ့်ခုံတန်း ဘက်မှာက နေရာ လွတ် လုံး လုံး မကျန်တော့ ပေမဲ့ မျက်နှာ ချင်းဆိုင် ခုံတန်းမှာက တစ်ယောက် စာလောက် ထိုင်၍ ရဦး မည့်ပုံ ပေါ်သည်။ ဘုရင့်နောင် လမ်းဆုံကို ရောက်လာတော့ လူသုံးလေး ယောက်တက်သည့် အထဲ ရှေ့ဆုံးက တက်လာသည်မှာ မိန်းကလေး တစ်ဦး ဖြစ်ပြီး သူက နေရာလွတ် ပုံပေါ် နေသည့် မျက်နှာချင်း ဆိုင်ခုံတန်း မှ အစွန် ဆုံးလူနှင့် ဒုတိယ လူကြား ၀င်ထိုင် လိုက်သည်။ အစွန်က လူက အတန်ငယ် ၀သော တရုတ်ကြီး တစ်ယောက် ဖြစ်ပြီး ဒုတိယလူကတော့ အိန္ဒိယ နွယ်ဖွား တစ်ဦး ဖြစ်သည်။

လွတ်နေသော နေရာမှာ ကျပ်ကျပ် တည်းတည်း ၀င်ထိုင်လိုက် ရသော မိန်းကလေး အတွက် ဦးရွှေ တရုတ် ကကော ကိုကုလား ကပါ နည်းနည်းပါးပါး စီပင် ရွှေ့ပေးမည့် ပုံမပေါ်။ ၀၀တုတ်တုတ် တရုတ်ကြီး၏ ပေါင် တစ်ခြမ်း အောက် မြုပ်ဝင်ပြီး ညပ်နေသော မိန်းကလေးကို အမြင် မတော်သော စပယ်ယာက တရုတ်ကြီးကို-
“အစ်ကိုကြီးက ဒီဘက် နည်းနည်း တိုးပေး လိုက်ပါလား” ဟုပြောသည်။ တကယ်လည်း သူ့ဘယ် ဘက်တွင် လက်သုံးလေး လုံးစာ လောက်လွတ် နေသော နေရာ ရှိသည်။ သို့သော်-
“ဘာကွ၊ ဘယ်ရွှေ့ပေး ရမှာလဲ။ ငါ ထိုင်နေတာက အစွန် ဆုံးလေ။ ဘယ်ထပ်ရွှေ့ ရဦးမှာလဲ”    ဟု ပြန်ဟောက် သံကြားရသည်။
“အလယ်က မိန်းကလေး ကျပ်နေလို့ ပြော တာပါ အစ်ကိုကြီးရာ”ဟု စပယ်ယာက လေပျော့လေး ဖြင့် ပြောသည့်တိုင်-
“အေးလေ၊ အဲဒါငါက ဘယ်ရွှေ့ပေးရမှာလဲ။ တန်း ပေါ်တက် ထိုင်ရမှာလား”

သူ့ဘေးက လက်တစ် ၀ါးစာခန့် လွတ်နေသော နေရာ ကိုပြောနေမှန်း တစ်ကားလုံး သိကြ ပေမဲ့ တရုတ်ကြီးက တော့ ဗြောင်ကျကျ ငြင်းခုံ နေလေသည်။ ထိုင်ခုံဘေးမှ တဖြည်းဖြည်း ကွေးညွတ်ပြီး အမိုးဆီ တည့်မတ်စွာ ထိုးတက် သွားသော သံတန်း ပေါ်တက် ထိုင်ရမှာ လားဟုပင် ဘုကျ ကျ ပြန်မေး နေ၏။ စပယ်ယာက သူ့ကို ဘာမှဆက် မပြောတော့ဘဲ အခြားသူ တွေဆီ အာရုံရွှေ့ကာ ကားခများ ကောက်ယူ နေသည်။ မြန်မာ မလေးကတော့ သူတို့ နှစ်ယောက်ကြားတွင် ကသိ ကအောက်ဖြင့် ညပ်နေကာ ဟိုဘက်က ကိုကုလားက လည်း မသိကျိုး ကျွန်ပြု နေသည်။ သူ့ဘက်မှာလည်း လက်တစ် ၀ါးလောက်တော့ တိုးပေး၍ ရနိုင် သည်သာ ဖြစ်သည်။ သို့သော် ကိုကုလားက မလှုပ် သလို ကိုရွှေတရုတ် ကလည်း သည်မျှ ဖြင့်ပင် ကျေနပ်နိုင် ဟန် မတူဘဲ-
“ဟေ့ကောင်၊ မင်း ဘာလဲကွ၊ ငါ ပြောနေတာကို ဂရုမစိုက် သလို ဘာလိုလိုနဲ့၊ မင်းကားကို ပိုက်ဆံ ပေးစီးတာ ကွ။ အလကား စီးတာမဟုတ် ဘူး”ဟု သူကပဲ တစ်ပြန်စီး ဆက်ဟောက် နေပြန်သည်။
“ကဲပါဗျာ၊ အစ်ကိုကြီး ရယ်၊ မရွှေ့ပေးလည်း နေ၊ ကျွန်တော်ကပဲ တောင်းပန် တယ်”

သြော်၊ ဘယ်လိုဖြစ်ပါ လိမ့်။ သူက ပြီးလွယ်စီး လွယ် လျှောချ လိုက်တော့ ဟို မြန်မာမလေး ခမျာ မလှုပ် သာ မလှည့်သာ ဆက်ဖြစ် နေမှာ ပေါ့။ ကျွန်တော် အတော် စိတ်မချမ်း မသာ ဖြစ်သွား သည်။ တစ်ကားလုံးက တချို့ ခရီးသည် များ၏ မျက်နှာ တွင်လည်း တရုတ်ကြီးနှင့် ကိုကုလားကို၊ အထူးသဖြင့် အားကောင်း မောင်းသန် ဖြင့် နိုင်ထက် စီးနင်း လုပ်လိုဟန် တရုတ်ကြီးကို ပိုပြီးစိတ် မကြည် ပုံမျိုး မြင်ရသည်။ သို့သော် အမုန်းခံပြီး မည်သူ မှ ပြောကြမည် ပုံမပေါ်။ အထူးသဖြင့် မျက်နှာချင်း ဆိုင်တန်းမှ ခရီးသည် အချို့တို့ အနေဖြင့် နည်းနည်း စီရွှေ့ ပေးပြီး ကိုရွှေကုလားကို နည်းနည်းထပ် ရွှေ့ခိုင်းလိုက် လျှင် မြန်မာမလေး ချောင်ချိ သွားလိမ့်မည်။ အခုတော့ သူတို့ ကလည်း ထိုသို့ လုပ် ပေးဖို့ အာရုံမရှိ။ ကိုတရုတ် ကလည်း အနေအထား ပြင်ပေးဖို့ စိတ်မ၀င်စား။ ကို ကုလားကလည်း ထိုအကျပ် အတည်း ကိုပင် အခွင့်အရေး တစ်ခုလို မြင်နေလားမသိ။

ဒါဆို ကျွန်တော်က ကော။ ကျွန်တော် ကတော့ နေရာက ထပေး လိုက်ချင် သည်။ ကျွန်တော် စီးမှာက လည်း သိပ်ဝေးသည် မဟုတ်။ သို့သော် ကျွန်တော့်မှာလည်း ကိုယ့်ပြဿနာ နှင့်ကိုယ်။ မကြာသေးမီက ဘတ်စ်ကား တစ်စီးပေါ် အတက် ကားက လည်း အလွန် ကျပ်ခိုက် ကိုယ် က ရှေ့မှ ခြေနင်းခုံ ပေါ် အတက်၊ နောက်မှ မိန်းကလေး တစ်စုက ကားပေါ် မရောက် သေးဘဲ လမ်းမပေါ် မိုးဖွဲဖွဲထဲ မတ်တတ် ကျန်နေ ကြခိုက်မှာ သူတို့ကို ညှာပြီး ကားပေါ်  သို့ တိုးတက်နိုင် ရန်အတွက် ကိုယ်နှင့် မမီမကမ်း ဖြစ်နေ သော အပေါ်တန်း တစ်ခုကို လှမ်းဆွဲပြီး ကိုယ်ခန္ဓာကို အသာလွှဲကာ ဆွဲတက်ဖို့ ကြိုးစား လိုက်မိသည်။ ကိုယ့် ဘာသာ လူငယ်လေးလို ထင် ပြီး လုပ်မိ လိုက်ပေမဲ့ အသက် အရွယ်ကြောင့်လား၊ အခန့် မသင့်လို့လား၊ လက်မောင်း ရင်းမှ အကြောတင် သလို ဖြစ် ကာ ယင်းနေ့မှ စပြီး လက် မြှောက်မရဘဲ ဖြစ်ခဲ့သည်။ သည်တော့ ဘတ်စ် ကားကို မတ်တတ်စီး ဖို့အဆင် မပြေ။ ဒါကြောင့် ထပေးလို့ မဖြစ်။ ကျန်ခရီးသည် များက လည်း နေရာမှထ ပေးမည့်သူ ရော၊ တရုတ်ကြီးကို ဆန့်ကျင် ပြောဆို၍ ဖြစ်စေ၊ သို့မဟုတ် တရုတ်ကြီး ဟန့်လောက်သော ပိုကြီးမား သည့် အားခွန်ဗလ ကိုပြ၍ ဖြစ်စေ ဖြေရှင်းပေးမည့် သူမျိုးလည်း မမြင်။

ကျွန်တော်လည်း ကုလားရော၊ တရုတ်ပါ ပေါင် တင်ခံ နေရပြီး မလူးသာ မလွန့်သာ မြန်မာမလေး မျက်နှာကို မကြည့်ရဲ။ သို့ သော် သိပ်မကြာ တော့ပါ။ယခုရပ်မည့် ကျောင်းရှေ့ မှတ်တိုင်မှ ထွက်၊ မီးပွိုင့် တစ်ခုကို ဖြတ်ပြီးလျှင် ကြွေ တစ်ဆိုသော မှတ်တိုင်ရောက်၊ ယင်းမှ ထွက်ပြီး ထပ်တွေ့မည့် မီးပွိုင့်က သမိုင်း လမ်းဆုံဖြစ် သည်။ ယင်းမီးပွိုင့် ကျော်လျှင် ကျွန်တော် ဆင်း တော့မည်။ အဲဒီမိန်းကလေး ကို ကျွန်တော့် နေရာမှာ ခေါ် ထိုင်ခိုင်း လိုက်မည်။ ဒီလို စိတ်ကူးဖြင့် အောင့်အည်းနေ လိုက်သည်။    နောက်ငါးမိနစ် ခန့် အတွင်း မီးပွိုင့် တစ်ခုနှင့် မှတ် တိုင်တစ်ခုကိုကျော်ပြီး နောက် မီးပွိုင့် အမိတွင် ကျွန်တော် နေရာမှ ကြိုထ လိုက်သည်။ ဒီလောက်တော့ ကျွန်တော် မှေးရပ် လိုက်လျှင် ဖြစ်နိုင် သည်။  မျက်နှာချင်း ဆိုင်မှ မျက်နှာ ငယ်ငယ်နှင့် ဆံပင်ရှည် ရှည်မြန်မာ မလေးကို ကျွန်တော် လှမ်းခေါ် လိုက်သည်။
“သမီး....”

သို့သော် ကျွန်တော် သူ့ကိုနေရာမှ ထလာအောင် မခေါ်လိုက်နိုင်ခင်မှာ မမျှော်လင့်တာ တစ်ခုဖြစ် သွားသည်။ မီးပွိုင့်မှာ ရပ်ထားခိုက်  စည်း မဲ့ကမ်းမဲ့ ကားပေါ်ခုန်တက် လာသော အသားဖြူ စပ်စပ်နှင့် ကောင်လေး တစ်ကောင်က ကျွန်တော့်ကို ၀င်တိုက်ကာ ကျွန်တော် ထပေးသော နေရာ ကို ဇွတ်လုထိုင် လိုက်သည်။ ရုတ်တရက် နာနေသော ညာဘက် လက်မောင်းကို အရှိန်ဖြင့် အတိုက်ခံ လိုက်ရ သဖြင့် အသည်း ခိုက်အောင် နာသွားပြီး ကျွန်တော် စကား ပင် မပြောနိုင် အောင်ဖြစ်သွား သည်။ ထိုစဉ် မီးပွိုင့် မှကား ထွက် သွား၍ နာသောလက် ဖြင့်  ရုံးအိတ်ကို ဆွဲပြီး ကျန် လက်တစ်ဖက်ဖြင့် တန်းကို လှမ်းကိုင် လိုက်ရသည်။

ထိုစဉ်မှာပင် ကြွေတစ် မှတက်လာပုံ ပေါ်သော မိန်းမ ပိန်ပိန် တစ်ဦးက မျက်နှာချင်း ဆိုင်တန်းတွင် နည်းနည်းစီ နေရာ ခိုးထိုင်နေသော လူစုကို “ဟိုဘက် နည်းနည်း တိုးစမ်း ပါ”ဟု ခပ်မာမာ ပြောလိုက် ပြီး ကိုကုလား၏ ဘယ်ဘက် တွင် လွတ်နေသော နေရာမှာ အံကျ ၀င်ထိုင် လိုက်သည်။ သွားပြီ။ မိန်းကလေး ၏မလူး သာမလွန့် သာကတော့ အတော် နှင့် လွတ်မြောက်မည် မဟုတ်။ ကိုယ်လည်း မတတ်နိုင်။ မိန်း ကလေးကတော့ ကျွန်တော့် စေတနာကို သဘော ပေါက် ဟန် အပြုံးယဲ့ယဲ့ဖြင့် ခေါင်း ညိတ် ကျန်ခဲ့သည်။မှတ်တိုင် ရောက်တော့ ကျွန်တော်လည်း တိုးဝှေ့ဆင်း လာရပြီး နာသော လက်မောင်း တစ်ဖက် ကိုဖိ လျက် ဖယ်ရီ စောင့်ရ မည့်နေ ရာသို့ လျှောက်လာ ခဲ့ရသည်။

ရုံးရောက်တော့ တစ် ရက်လုံး အလုပ် ဖြောင့်ဖြောင့် မလုပ်နိုင်။ ဟိုနှစ်ယောက် ကြားမှာ ညပ်ပြီး မျက်နှာငယ် ဖြင့် ကျန်ရစ်သည့် ဆံပင် ရှည်ဖြင့် မြန်မာ မိန်းကလေး မျက်နှာကို စွဲမြင်နေသည်။ တကယ်တော့ ကိုယ်မှားတာ ပဲဟု ကျွန်တော့် ဘာသာ တွေးနေမိ၏။ သူထိုင်ပြီး စမှာ ပင် နေရာချင်းလဲ ထိုင်ခဲ့ လျှင်လည်း ရသည်။ သို့မဟုတ် သူ့ကို ကိုယ့်နေရာ မှာခေါ် ထိုင်ခိုင်းပြီး ဟိုမိန်းမ လုပ် သလို ကုလားဘေးမှာ ၀င်ထိုင် လိုက်လျှင် တစ်နေရာစာ တော့ ချောင်ချောင် ရမည်။ ဒီလို မဟုတ်လည်း ပထမ မီးပွိုင့်က အထွက် ကတည်းက ထရပ်ပြီး သူ့ကို နေရာ ခေါ်ပေး ခဲ့လျှင် နောက် မှတ် တိုင်နှင့် မီးပွိုင့်က ငါးမိနစ်ပင် မကြာ။ ကိုယ်ရပ်လို့ ရနိုင်ပါ သည်။ ဘာဖြစ်လို့များ ဒီလို မလုပ်မိ ပါလိမ့်။

မိန်းကလေးက ဟိုနှစ် ယောက်ကြားမှာ ညပ်သလို ကျွန်တော်လည်း မိမိကိုယ် မိမိ လိပ်ပြာ မလုံခြင်းနှင့် နောင်တ တစ်ဖန် ပူပန်ခြင်း အကြားတွင် တစ်နေကုန် ညပ်နေ ခဲ့သည်။ စိတ် မကြည် မလင်ဖြင့် ရုံးမှ အပြန်တွင် ဖယ်ရီကား ပေါ်မှာ လည်းအတွေး ကဒီအကြောင်း ကိုပဲ ရောက်ရောက် သွားသည်။

ကိုယ်ကတော့ မှား တယ်ပဲ ထားပါတော့။ ကျန် ခရီးသည်များ ကကော ဘာဖြစ်လို့များ ဒီမိန်းကလေး ကသိကအောက် ဖြစ်နေပုံကို မြင်နေ ရက်ဖြင့် လျစ်လျူရှု နိုင်ကြ ပါလိမ့်။  နေရာလေး လက်နှစ်လုံး သုံးလုံးစီ ကျုံ့ ပေးလိုက် ရုံဖြင့် အဆင်ပြေ သွားမည့် ကိစ္စကို ဘာကြောင့် ပေယျာ လကန် ပြုကြ ပါလိမ့်။

ပြီးတော့ ဟိုတရုတ်ကြီး လူပါးဝ စကား ပြောနေသည် ကို ကိုယ်အပါ အ၀င် ကျန်ခရီး သည်များ အားလုံးက ဘာ ကြောင့် တစ်ခွန်းတလေ ၀င် မဟန့်မိ ပါလိမ့်။ “သူပြောတာ ဟုတ်သားပဲဗျာ၊ ခင်ဗျား ဒီဘက်ကို နည်းနည်း လေး တိုးပေးလိုက်ရင် ချောင်သွား မှာ ပေါ့”လို့ ကိုယ်ရော ဘာလို့ မပြောခဲ့ မိပါလိမ့်။

အသေ အချာတွေး ကြည့်တော့ ဒီကိစ္စကို ကိုယ် နဲ့မဆိုင် သလို သဘော ထားခဲ့ မိတာဆိုတာ သေချာ သည်။ ကိုယ်စီးသည့် ကားပေါ်မှာ မတရား သဖြင့် ဖြစ်နေတာ ကိုယ်နှင့် မဆိုင်ဟု သဘောထား ခြင်းက တာဝန်မဲ့ ခြင်း တစ်မျိုးပင် ဖြစ်သည်။ ဒီလို စိတ်မျိုးဖြင့် ကိုယ်နေသည့် ရပ်ကွက်ထဲ၊ ကိုယ်ကျင်လည် ရာ မြို့ထဲ၊ ကိုယ့် ဇာတိ နိုင်ငံ ထဲ၊ နောက်ဆုံးကိုယ် နေထိုင် ရာ ကမ္ဘာကြီး ထဲမှာ မတရား သဖြင့် လုပ်နေ သမျှကို တစ်ယောက် တစ်ခွန်းဝင် ပြောရုံဖြင့် ပြေလည် သွားနိုင်သည် မျိုး ကို ကျွန်တော်တို့ လူသားတွေ  ဘယ်လောက် ရက်စက်စွာ ဥပေက္ခာ ပြုခဲ့ကြ ဖူးပြီမသိ။ အတွေးလှိုင်းထဲ တလူး လူးလိမ့်ရင်း ရုံးဖယ်ရီကားက လေးက လှည်းတန်း လမ်းဆုံ ရောက်တော့ ဆင်းလိုက် သည်။ ယခင်က သမိုင်း အထိ လိုက်နေကျ ပေမဲ့ ရှစ်မိုင် မှာ သင်္ကန်းဝယ် စရာ ရှိ၍ ဆင်းပြီး ဘတ်စ်ကားဖြင့် ခရီးဆက် ရခြင်း ဖြစ်သည်။ ကားပေါ် မတ်တတ် မရပ်နိုင် ၍နှစ်ရာကား ချောင်ချောင်ကို စောင့်စီးပြီး ရှစ်မိုင်သို့ သွား ရသည်။ ရှစ်မိုင်မှာ သင်္ကန်း ၀ယ်ပြီး အိမ်အပြန် ကျတော့ ဒိုင်နာနှင့် နှစ်ပါး သွားရပြန် ၏။ ရုံးပြန် ချိန်မို့ ဒိုင်နာကား ချောင်သည်ကို စောင့်စီးပြီး မတ်တတ် ဘ၀က လွတ် အောင် လုပ်ရသည်။ နေရာတော့ ရပါသည်။သို့သော် သုံးလေး မှတ်တိုင် အကျော်မှာ မိုးဖွဲဖွဲ ရွာစပြုလာ ၏။ ကားကလည်း မိုးယိုနေ သည်။ ရှောင်လည်း မလွတ် တော့ ၀ယ်လာသော သင်္ကန်း ကိုသာ ရေမစိုအောင် ဂရုစိုက် ပြီး ပခုံးပေါ် တစ်ချက်တစ် ချက် ယိုကျလာသော မိုးရေ စက်တို့ကို သည်းခံ နေရသည်။ သို့သော် ကားနေရာ အနှံ့ မိုး ယိုနေရာ အချို့ နေရာ တွေက အတော်ဆိုး သဖြင့် ခရီးသည် တွေဆီက အသံ ထွက်လာ၏။“မင်းတို့ကား ကလည်း မိုးဒီလောက် ယိုနေတာ မပြင် ဘဲထွက်တာပဲ။ မင်းတို့က ခရီးသည် တွေကို လူလို့မှ မထင်တာ”

ဒီစကား တစ်ခွန်းက တော့ အတော်မှန်သည်။
“ကဲဗျာ၊ ကားခလေး တွေ လှမ်းလိုက် ရအောင်။ ပေါက်တော အထိ တစ်ရာ့ငါး ဆယ်၊ ဟိုနားဒီနား တစ်ရာ လှမ်းလိုက်ပါ”

ကားစပယ်ယာက ခရီး သည်စကားကို မကြားဟန် ပြုပြီး ကားခပဲ အတွင်တောင်း နေသည်။ ခရီး သည်ဆီက နောက်ထပ် စကားသံ မကြား ရတော့။ မကြားချင်ဟန် ဆောင်ခြင်း များတွေ ကြုံရပါ များပြီး ဒေါသ မဖြစ်တတ် အောင်ဘဲ ကျွန်တော်တို့ အားလုံး ထုံသွား ကြပြီလား။

ကားပိုင် ကကော ကား အမိုးဖာတာ လောက်ကိုပင် ဘာကြောင့် မလုပ် ပေးနိုင်ရ တာပါလိမ့်။ ခေါင်မရှိတဲ့ ကားမှာလည်း ဂဟေကြောင်း တစ်လျှောက် ယိုနေပုံက ခေါင်မလုံသော အိမ်ထက်ပင် ဆိုးနေ သေးသည်။ သူလုပ်မပေး နိုင်သော ကိစ္စကို မကြား ချင် ဟန်ဆောင် နေသော စပယ်ယာ ကကော ကားပိုင်နှင ခရီး သည်ကြား ညပ်ရှာ သူလား။ဒါမှမဟုတ် လောဘနှင့် အတ္တကြား ညပ်နေသူလား။ ကားပိုင် ကကော သူလို ပဲ လောဘနှင့် အတ္တကြားမှာ ပဲ ညပ်နေ သူလား။ ဒါမှမ ဟုတ် ခရီးသည်နှင့် တစ်ခုခု ကြားမှာ ကြားညပ် နေသူလား။


အတွေးတွေ ဟိုဟို ဒီဒီ ရောက်နေစဉ် ကားက သမိုင်း လမ်းဆုံပင် ရောက်လာပြီ။ သမိုင်းမှာ ဆင်းသူ အတော် များသည့် အထဲ ဆင်းသူကို မစောင့်ဘဲ ကားပေါ် လုတက် သည့် မိန်းမ၀၀ တစ်ဦးကြောင့် ပိုကြာသွား သည်။ အင်းလေ၊ လုတက်တယ် ဆိုပေမဲ့ အောက် မှာကလည်း မိုးရွာ နေလေ တော့ ကားပေါ် အမြန်ရောက် ချင်သည် ဖြစ်မည်။ သို့သော် သူလို၀၀ တစ်ယောက်က အဆင်း၊ သူနှင့် အပေါက်ဝ မှာ ဗိုက်ချင်း ငြိပြီး ဆင်းမရ တက်မရ ဖြစ်နေပုံက ငိုအားထက် ရယ်အားသန် ဆိုသလို ဖြစ်ရသည်။ စပယ် ယာလေး က ဇွတ်တက် လာသူကို စိတ် ဆိုးရမည့် အစား “ဗိုက်ပူတဲ့သူ တွေ အခွန်ကောက် မယ်နော်” ဟုပင်အော်လိုက် သံကြားရ သည်။ သြော် နှစ်ယောက် ကြားမှာ ညပ်စရာ မရှိ၊ သူ့ဗိုက် ကိုယ့်ဗိုက် ညပ်နေ ကြပုံများ။

ဇွတ်တက် လာသော အစ်မကြီးက မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်သည်။ “အမယ် လေးဟဲ့၊ မိုးကလည်း ယို သေး”ဟူသော အသံကြား လိုက်ရသည်။ မိုးကတော့ ပိုသည်းလာပြီး ကားက အတော် ချောင်သွားသည်။ ကားက ချောင်သွား တော့မှ သတိထား မိသည်။ ကျွန်တော့် ဘက် ထိုင်ခုံတန်းမှာ တစ် ယောက်ကျော်နေရာက မိုး အတော် ယိုပြီး ထိုင်နေသည့် ကလေး မလေးမှာ ခေါင်း တစ်ခုလုံး စိုရွှဲပြီး စက်စက်ကျ နေသည်။ အခုလူချောင် သွား တော့မှ သူ့ခမျာ နံဘေးလွတ် ရာကို ရွှေ့နေခွင့် ရရှာ ပုံပေါ် သည်။
ဒါတောင် အတော် သည်းသော မိုးက သူထိုင်ခဲ့ သော သူ့ဘေးက နေရာပေါ် အားရ ပါးရ ယိုကျနေပြီး ရေ စဉ်သည့် ဒဏ်ကို သူ ခံနေရ သေးသည်။ သို့ပေမဲ့ မိုးရေ စက်စက်ကြားက သူ့မျက်နှာ လေးက အပြုံး မပျက်။

ကားက နောက်တစ် မှတ်တိုင် ဦးဘဟန်လမ်း မှတ်တိုင်ကို ရောက်တော့ လူတွေ အတက်များပြီး ကား က ပြန်ကျပ် သွားပြန်သည်။
မျက်စိရှေ့မှာ အမြင် မတော်၊ ကိုယ့်ရှေ့ တည့်တည့် လာရပ်သော မိန်းကလေး ဘေးမှာ အမူးသမား တစ်ယောက်က ကပ်လျက် ပါလာ ပြီး မိန်းကလေး ခမျာ သူရှေ့ က လူအုပ်နှင့် သူ့ နောက်က အမူးသမား ကြားမှာ မလူးသာ မလွန့်သာ။ ဒီတစ်ခါတော့ နေရာမှ ထပေးပြီး ဒီကလေး မကို နေရာပေး လိုက်လျှင် ကောင်းမည်ဟု စဉ်းစား မိသည်။

တကယ်တော့ အိမ်ကို တော်တော်နှင့် ရောက်ဦးမှာ တော့မဟုတ်။ မှတ်တိုင်အား ဖြင့် သုံးမှတ်တိုင် ခန့်သာ ကျန် တော့ပေမဲ့ ကားပိတ်ပြီး နောက်ထပ် မိနစ် နှစ်ဆယ် နာရီဝက်လောက် မတ်တတ် ရပ်ရဦးမည်။ တန်းကိုမနာ သော လက်ဖြင့်ကိုင်၊ ရုံးအိတ် နှင့်သင်္ကန်းကို နာသောလက် ဖြင့်ကိုင် နောက်နာရီဝက် လောက် ရပ်နိုင် မလား ကျွန်တော် စဉ်းစားနေ သည်။ ထိုစဉ်မှာ-
“လာ၊ အစ်မ ဒီမှာလာ ထိုင်”
ခုနက မိုးရေ စက်စက် ဖြင့် ကျွန်တော့် တစ်ယောက် ကျော်မှ မိန်းကလေးက သူမူ လထိုင်ရာ မိုးယိုသော နေရာဆီ ပြန်ရွှေ့ ပေးလိုက်ပြီး မိန်းကလေး ထိုင်ဖို့ နေရာ လုပ်ပေးလိုက် သည်။                “ဟယ်၊ ရတယ် ညီမ လေး။ အစ်မ ရပ်လို့ ရပါ တယ်။ ဈေးပွဲရုံမှာပဲ ဆင်းမှာ”

“ထိုင်ပါအစ်မရဲ့၊ ကား ကပိတ်ဦးမှာ။ ဘယ်လောက် ကြာဦးမယ် မသိဘူး။ သမီး က စိုလက်စနဲ့ ဘာမှ မထူး ဘူး လာထိုင် အစ်မရဲ့”
ရုတ်တရက် ကြား လိုက်မြင် လိုက်ရ သည်က ကျွန်တော်ဘာမှ မပြောတတ် အောင်ဆွံ့အ သွားသည်။ ကျွန်တော်သာ ပါးစပ် အဟောင်းသား ဖြစ်သည် မဟုတ်။ ရှေ့က အမူးသမား လည်း အမူးပြေ သွားပုံရ သည်။ မိုးရေ ပေါက်ပေါက် ကျသည့်အောက် ခေါင်းလျှို ပြီး ပြန်ဝင် သွားသော အပြုံး မြမြ မျက်နှာလေးကို ဘာပြော ရမှန်းမသိ။

ဖင့်လေးသော ခြေလှမ်း တို့ဖြင့် သူပေးသော နေရာကို မိန်းကလေးက ၀င်ထိုင် လိုက် ချိန် ကျွန်တော်နှင့် နှစ်ယောက် ခြားသွားသော မိုးရေထဲက ကလေးမကို လှမ်းကြည့် လိုက်တော့ ထိုင်ခုံ လူတန်းထဲ မှာ မလှုပ် သာအောင် ပြန် ညပ်ရင်း မိုးရေ ပေါက်ပေါက် ကျကို ဘာမှ မဖြစ်သလို ခံရင်း လမ်းမ ဘက်လှမ်း ငေးနေသည် ကို မြင်ရသည်။ 

အနစ်နာခံ ကူညီလို သောနှလုံးသားနှင့် ကိုယ် မနစ်နာ လိုသည့် အတ္တတို့ အကြား ညပ်နေခဲ့ပြီး ရုန်း မထွက် နိုင်သည့် ကျွန်တော် နှင့် အလားတူ အကျပ်အတည်း မှာ ကူညီမှု နှလုံးသားဘက် ရုန်းထွက် သွားနိုင်သူ မိန်းမငယ် ကလေးတို့ တန်ဖိုးချင်း ကွာလေစွဟု ကျွန်တော်တွေး နေမိသည်။ လက်ထဲက ကိုင် လာသည့် သင်္ကန်းဖြင့် မကြာ မီ အိမ်မှာ ၀ါဆို သင်္ကန်းကပ် ပြီး ဆွမ်းကပ် အလှူမျိုး လုပ်ဖို့ ရှိပေမဲ့ သူလို နေရာ လှူတာ မျိုးတော့ ကျွန်တော် မလုပ်နိုင် သေး။

သူပြောသည့် အတိုင်း လည်း ကားက လမ်းဆုံကို မရောက်ခင် ပိတ်နေလေ သည်။ ကားတန်း ရှည်ကြီး ထဲ ညပ်နေသော ကျွန်တော်တို့ ကားလေးပေါ်မှာ ကျွန်တော်တို့ ခရီးသည် များလည်း စိတ်မရှည် နိုင်ခြင်းနှင့် ကားပေါ်က ဆင်းပြီး မိုးရေထဲ လမ်း မလျှောက် လိုခြင်းတို့ ကြား ညပ်နေခဲ့ကြသည်။  ဆယ့်ငါးမိနစ် လောက် ကြာ တစ်ဘီးချင်း လှိမ့်အပြီး တွင်တော့ တချို့ ခရီးသည် များက စိတ်မရှည်ဘဲ ကား ပေါ်က ဆင်းလျှောက်သွား ကြသည်။ ကလေးမလေး ပေးသော နေရာမှာ ၀င်ထိုင်သော မိန်းကလေး ကလည်း ဆက်စောင့်ဖို့ သည်းမခံနိုင် တော့လို့လား၊ သူ့ဘေးမှာ မိုးရေ စက်စက်ထဲ ထိုင်နေသူ လေးကို မျက်နှာပူ လို့လား မသိ၊ စောစောက ဈေးပွဲရုံမှာ ဆင်းမှာဟု ပြောထား ပေမဲ့ ကားပေါ်မှ ဆင်းသွားခဲ့သည်။ လမ်းဆင်း လျှောက်သူတွေ အတော်များ သွားတော့  ပြန် ချောင်သွားသည်။ ကျွန်တော် လည်း မနေနိုင်ဘဲ “သမီး ရယ်၊ ဒီဘက်ပြန် တိုးလိုက်ပါ” ဟု ပြောလိုက်မိသည်။

ဒီတော့မှ ကလေးမ လေးက “ဟုတ်ကဲ့ဦး” ဆို ကာ ခပ်လေးလေး ရွှေ့လိုက် သည့်တိုင် “သမီးက စိုပြီး သားပဲ။ အရေး မကြီးပါဘူး” ဟု ဆိုနေ သေးသည်။ ပိုက်ဆံ ယူဖို့သာသိပြီး ကားအမိုး ယိုတာကို ဖာပေး ရကောင်း မှန်း မသိသော ကားပိုင်ရှင် အနေဖြင့် သူ့ကား စက်စက် ကျ မိုးယို သည့်အောက် ခေါင်းထိုး ခံပြီး ၀င်ရဲသော သူ့သမီး အရွယ်လေးကို ကြည့် ပြီးရှက်တတ်လျှင် သတ်သေ သင့်သည်ဟု ကျွန်တော် စဉ်းစား နေမိသည်။

ဒီသမီး ကလေးလို နှလုံးသား ရှိရာဘက် ရုန်း ထွက် သူတွေ ချည်းသာဖြစ် လျှင် ကမ္ဘာ ကြီးပေါ်မှာ ခွန် အားကြီး အတ္တကြီး သူတို့ကြား ညပ်နေသည့် လူသားများ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ လွတ်မြောက် ချမ်းသာကြ မှာ သေချာသည်ဟု အိမ်ပြန် လမ်းမှာ တွေးလာခဲ့သည်။

ထိုနေ့ညက အိပ်မက် ထဲတွင် တရုတ်ကြီးနှင့် ကုလားကြီးတို့၏ ဒူးတင် ပေါင်တင်မှု အကြား ညပ်နေ ခဲ့ပြီး လှုပ်မရ လှည့်မရ ဖြစ် နေသူမှာ ကျွန်တော် ဖြစ်နေ ကာ ချွေးစေး ပြန်လျက် လန့် နိုးလာခဲ့သည်။

မောင်လွင်မွန်၊ကသာ၊
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)


0 ခု - မှတ်ချက်ရှိသည်:

Post a Comment