Sunday, December 30, 2012

အမေ သို့မဟုတ် ကျွန်တော့်ဘဝရဲ့နှင်းဆီ

အမေ သို့မဟုတ် ကျွန်တော့်ဘဝရဲ့နှင်းဆီ

ဆူးရိုင်းတွေထဲ
မြင်ရခဲမျှ
လှပသင်းထုံ
အနှိုင်းမဲ့ဂုဏ်နဲ့.. နှင်းဆီရဲတစ်ပွင့်ဟာ
"'အမေ "' ပါပဲ။

"'အမေ"'ဆိုတဲ့ နှင်းဆီရဲ့ရနံ့.. နှင်းဆီရဲ့အလှကြောင့်
နဂိုက အိမ်ခင်တတ်တဲ့ကျွန်တော်
ကိုယ့်အိမ် ကိုယ့်မြေ ကိုယ်ခြံကို ပိုပျော်လာတယ်။

"ဘယ်သူတွေ ဘယ်သွားပစေ
အမေတို့တတွေကတော့
ကိုယ့်မြေ ကိုယ့်ယာ ကိုယ်အိမ်ကောင်းကျိုး
မျှော်ကိုး အားထုတ်မယ့်သူ
ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်မယ် . "'.တဲ့
အမေ့ရဲ့စကားတစ်ခွန်းက
အိမ်ဝင်းဝဆီ ခြေလှမ်းပြင်စ ကျွန်တော့်ကို
ချက်ချင်းလို စိတ်ပြောင်းလဲ
အိမ့်အမှောင်ရိပ်ထဲ ပြန်ရောက်စေခဲ့တာပါပဲ။

အလင်းရောင်ရော လေဝင်လေထွက်ပါ အားနည်းလို့
စားလည်းမျှမျှတတ၊ သောက်ရေလည်း မဝတစ်ဝအပြင်
လေရှူရတာတောင် ဝေမျှရှုကြရမလား
စဉ်းစားရမယ့် ကျွန်တော်တို့အိမ်ထဲ
ဝေ့ဝဲသင်းပျံ့
ဝန်းကျင်လေကိုသန့်စေတာတော့
(အမေဆိုတဲ့)နှင်းဆီရနံ့လေးပါပဲ။

အမေ့အဆုံးအမအောက်မှာ
အဆင်ခြင်မဲ့ကြောက်ပြီး တုန်လှုပ်ခြောက်ခြားလွယ်တဲ့
(ကျွန်တော်တို့)အမေ့သားငယ် အမေ့သမီးငယ်များ
သတ္တိစွမ်းအားတွေ ရလာခဲ့ပါပြီအမေ။

ဒါတင်မက
ကြုံလာသမျှ ကိစ္စတိုင်းမှာ
ညှိနှိုင်းသဘောထားကြီးတာနဲ့ အရှုံးပေးဒူးထောက်တာ
ရွံ့ကြောက်တာနဲ့ ခွင့်လွှတ်သည်းခံတာ
မာန်တွေထန်တွေသုံး ရန်လိုတာနဲ့..
တက်ကြွနိုးကြားတာ
ရှက်အားပို နောက်တွန့်တာနဲ့..
သိမ်မွေ့တည်ငြိမ်တာ



"လိမ်'တာနဲ့..
 "ပရိယာယ်သုံး"တာ
"မုန်း"တာနဲ့ ...
 "ဆန့်ကျင်"တာ
 "အရှည်မျှော်မြင်''တာနဲ့...
."ကိုယ့်ဖို့ပဲကြည့်"တာ
"သတ္တိရှိ"တာနဲ့ ...
 မိုက်ရူးရဲ တဇွတ်ထိုး လုပ်တာ
"ရှုပ်"'တာနဲ့ ..
"'ပါဝင်ပတ်သက်"'တာ
"'ခက်"'တာနဲ့..
"'လုံးဝမဖြစ်နိုင်"'တာ..
  များစွာ များစွာသော.....
  တူသယောင်နဲ့ "'ကွာ"'တာတွေကို
  အမေ့ဘေးမှာ အတူနေရင်း ကျွန်တော်တို့သမီးသားတို့
  အတုယူ သင်ကြားတတ်မြောက်ခဲ့ပါတယ် အမေ။

  ဘာပဲဖြစ်ဖြစ် အမေရယ်
  အားငယ်ခြောက်ခြားစရာ အမှောင်ရိပ်တွေဖြာနေတဲ့
  ကျွန်တော်တို့အိမ်မြေယာမှာ..

  လွတ်လပ်ကျယ်လွင့်
  ပင့်သက်အမောကင်းရှင်း
  လင်းချင်းတောက်ပ
 "'ခမ်းနားလှတဲ့အိမ်"'ကို ဝန်းရံပြီး
  (အမေ့လို) နှင်းဆီတွေရဲ့ခြံနဲ့
ပနံရမယ် အိမ်တစ်ကွက်
အိပ်မက်နေဆဲပဲ အမေရယ်..

ဒီလှပတဲ့ အိပ်မက်ကပဲ
အမေ့တွက် (ကျွန်တော်တို့ရဲ့)လက်ဆောင်ဖြစ်သလို
အမေချစ်တဲ့ သမီးသားသန်းသိန်းရာထောင်အတွက်
အမှောင်လွတ်ကင်း
လေညစ်လေဆိုးရှင်းပြီး
နှင်းဆီရနံ့တွေသင်းတဲ့ အိမ်ကလေးတစ်ကွက်
အမေအိပ်မက်နေမှာ
တွဲလက်တင်းတင်း
ဆုတ်ကိုင်ရင်း
ရင်တွင်းကပ်ငြိ
မျှော်ပီတိနဲ့
သားတို့ ''သိ "'နေပါတယ် အမေရယ်။  ။

မောင်လွင်မွန် (ကသာ)

(၆၆ နှစ်ပြည့်အမေဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွက် "နွေဦးအိုးဝေ"' ကဗျာစာအုပ်မှ)

0 ခု - မှတ်ချက်ရှိသည်:

Post a Comment