Tuesday, July 16, 2013

သမီးနှစ်ယောက်ကြားကအဖေ

                                             သမီးနှစ်ယောက်ကြားကအဖေ  

    ကိုရီနိုင်တစ်ယောက် ၀န်ထမ်းဘ၀က လွတ်ပြီး စာရေးဆရာအဖြစ်  လူမသိတသိဘ၀ ဖြင့် ပျော်ပိုက်နေသည်မှာ ကာလအတော်ကြာ သွားပြီ။ သို့သော် ၀န်ထမ်းအဖွဲ့အစည်းနှင့် လုံးဝ ကင်းကွာသွားသည်တော့မဟုတ်။ ကိုရီနိုင်နေ ထိုင်နေသည်ကပင် ဇနီးဖြစ်သူအား ဌာနဆိုင်ရာ မှ ပေးထားသော တိုက်ခန်းတစ်ခုမှာ ဖြစ်သည်။         ဌာနဆိုင်ရာတိုက်ခန်းဆိုတော့ တစ်ခါတရံ လိုအပ်သလို သက်ဆိုင်ရာလူကြီးတို့ ညွှန်ကြား သည့်အတိုင်း ဟိုရွှေ့ဒီပြောင်း လုပ်ရသည်တော့ ရှိသည်။ သို့သော် သူများတိုက်ခန်း ငှားနေရင်း အိမ်ရှင်တို့က အိမ်လခတိုးတောင်းချင်သဖြင့်   အကြောင်းအမျိုးမျိုးပြ ပြောင်းခိုင်းတာမျိုးထက် စာလျှင် ရုံးတိုက်ခန်း အပြောင်းအရွှေ့မှာ ဖြစ် တောင့်ဖြစ်ခဲ ကိစ္စမျိုးဟု ဆိုနိုင်ပါသည်။ ကာလ တစ်ခုမှာတော့ ကိုရီနိုင်တို့ မိသားစုသည် နာ မည်ကြီး အိမ်ယာဝင်းကြီးတစ်ခုရှိ ငါးထပ် အဆောက်အအုံကြီးတစ်ခု၏ မြေညီအထပ်ကျယ် ကြီးကို ထက်ဝက်ကို သုံးပိုင်းပြန်ပိုင်းထားသော ရုံးတိုက်ခန်းတစ်ခုမှာ နေထိုင်ခွင့်ရလေသည်။
    ယင်းအခန်းမှာ နှစ်ဆယ့်ငါးပေ ပတ်လည် ခန့် ရှိသော အခန်းဖြစ်သဖြင့် သိပ်တော့မကျဉ်း မြောင်းလှပါ။ ကိုရီနိုင်တို့မိသားစုကလည်း သိပ် မများလှသဖြင့် အတော်ပဲ ဖြစ်ပါသည်။ တစ်ခု ရှိတာက မူလက ကွန်ဒိုအဖြစ်ရောင်းရန် ရည် ရွယ်ဆောက်လုပ်ပြီးမှ ၀န်ထမ်းအိမ်ယာအဖြစ်  ပြန်လည်စိတ်ပိုင်းထားခြင်းဖြစ်သဖြင့် အခန်းသုံး ခန်းကို တစ်ခန်းနှင့်တစ်ခန်း အုတ်နံရံဖြင့် ကာရံ ထားခြင်းမဟုတ်ပဲ အထပ်သားဖြင့်ကာရံထား ခြင်းကတော့ သိပ်အဆင်မပြေလှ။
    ကိုယ့်အခန်းက ငရုတ်သီးထောင်းသံ၊ ရေ ချိုးသံ၊ အ၀တ်လျှော်တုတ်ရိုက်သံ၊ ရေဒီယိုသံ၊ တီဗီနှင့် အခွေ ပေါင်းစုံအသံတို့ ဘေးအခန်းများ ဆီ အလည်ထွက်သွားမှာစိုးသဖြင့် အမြဲသတိ ဖြင့် ထိန်းသိမ်းနေရသလို သူများအခန်းက ကလေးခုန်ပေါက်ဆော့သံ၊ ဘောလုံးပွဲ ကြေငြာ သံကိုကျော်လွှားထွက်လာသော တီဗီရှေ့ ပရိသတ်၏အသံ၊ ဆဲသံ၊ဆိုသံ၊ ပျော်သံ၊ သီချင်း ဆိုသံ၊ ရန်ဖြစ်သံတို့ကလည်း မဖိတ်ခေါ်ပဲ ကိုယ့် အခန်းထဲ အထဲဝင်အပြင်ပေါက် ရောက်ရောက် လာတတ်သည်။ ဘာပဲဖြစ်ဖြစ် စပေါ်မတင်ရ၊ ငှားခမပေးရ၊ မီတာခတောင် မကြာသေးခင်က ဈေးတွေတက်မှသာ စကောက်သော ဒီလိုအခန်း မျိုးမှာ ဒီလောက်ကတော့ သည်းခံနိုင်ရပေမည်။ ခံနိုင်ပါတယ်လေ။ ကိုရီနိုင်ဘ၀မှာ ဒီထက်ဆိုး တာတွေတောင် သည်းခံလာခဲ့ပြီးမှပဲ။            ကိုရီနိုင်တို့အိမ်တွင် မိသားစုက လေးဦး သာရှိပြီး ယင်းကာလတွင် သမီးနှစ်ယောက်က နိုင်ငံပြင်ပသို့ ရောက်နေသဖြင့် အဖေနှင့်အမေ နှစ်ယောက်တည်း “တို့နှစ်ယောက် နှစ်ယောက် တစ်အိပ်မက်”ဇာတ်ကားကို ကိုရီးယား ဇာတ် လမ်းတွဲရှည်လို ရိုက်နေရသောကာလဖြစ်သည်။
    သမီးကြီးကို ကိုရီနိုင်ဝန်ထမ်းဘ၀က လုပ် ဖော်ကိုင်ဖက် အမျိုးသမီးသူငယ်ချင်းတစ်ဦးက  ခေါ်သွားသဖြင့် အာရှနိုင်ငံတစ်ခုမှာ အလုပ်သွား လုပ်ဖြစ်ရင်း ငါးနှစ်တာမျှကြာသွားခဲ့ချိန်မှာ ဆယ်တန်းအောင်စ သမီးငယ်ကလေးက မမျှော် လင့်ပဲ အနောက်နိုင်ငံကြီးတစ်ခုမှာ ပညာသင် ဆု ရရှိခဲ့သဖြင့် သမီးကြီးရောသမီးငယ်ပါ ခွဲခွာရ ပြီး သမီးနှစ်ယောက်အတွက် တစ်ယောက် တစ်မျိုးမရိုးရအောင် ပူပန်ရသည့်ကာလဖြစ်၏။        သမီးကြီးမှာ ဘာသာခြား၊ လူမျိုးခြားများ အကြားမှာ အလုပ်ခွင်ရောက်မှ သူသင်ခွင့်ရ သော အသက်မွေးမှုအလုပ်မှာ ကြီးကြပ်သူအဖြစ် တာဝန်ယူနေရခြင်းကို ပူပန်ရသလို သမီးငယ် ကလေးမှာလည်း ၁၈နှစ်မပြည့်မီ မိဘနှင့် တစ်ခါမှ မခွဲဖူးပဲ ခွဲခွာပြီး တစ်ယောက်တည်း ပညာသွားသင် ရသောအဖြစ်ကို စိတ်မချနိုင် ပဲ အမျိုးမျိုးတွေးတော ပူပန်ရတာမျိုးဖြစ်သည်။         သမီးနှစ်ယောက်ကို နေ့စဉ် ဆက်သွယ် နိုင်ရေးအတွက် အင်တာနက်ဆိုင်ကို နေ့စဉ်သုံး ဖေါက်သည်ကောင်းလုပ်ပြီး သွားသွားထိုင်ကြ ရရင်း သမီးနှစ်ဦး၊ အထူးသဖြင့် ငယ်ရွယ်လှ သေးသော သမီးငယ်လေးအတွက် အချိန်မရွေး ဆက်သွယ်နိုင်မည် အင်တာနက်လိုင်းတစ်မျိုးမျိုး အိမ်မှာတပ်ခွင့်ရလျှင်ကောင်းမည်ဟု စိတ်ကူး ယဉ်မိပေမယ့် ကိုရီနိုင်တို့အတွက် တုံးခုလို့မှ မမီနိုင်ပဲ ခုန်ပြီးတော့လည်း မခူးသာသော ပန်း မျိုး ဖြစ်နေသည်။                     သို့သော် ကံကြမ္မာ မျက်နှာသာပေးသော ကာလတစ်ခုတွင် အင်တာနက်ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးရထားသူ ညီတစ်ဦးက သူခံစား ခွင့်ရသော စီပီအီးခေါ် အင်တာနက် ၀ိုင်မက်စ် စနစ်သုံး ကိရိယာလေးတစ်ခုကို သူ့သုံးမည့် အစား အရေးတကြီးလိုနေသော ကိုယ်သုံးဖို့ ပေးလိုက်သည့်အတွက် ကုမ္ပဏီဝန်ထမ်းဈေးနှုန်း ဖြင့် သက်တောင့်သက်သာ သုံးခွင့်ရသွားသည်။ သည်နည်းဖြင့် အိမ်ကနေပဲ သမီးလေးနှစ်ဦးကို နေ့ညမရွေး ဆက်သွယ်ခွင့်ရသွားခဲ့ပါသည်။            သမီးကြီးက နေ့ခင်းပိုင်းမှာ သူ့ အလုပ်ထဲ နစ်နေသဖြင့် ညမှ အင်တာနက်သုံးနိုင်သလို  ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် ရောက်နေသော သမီးလေးကလည်း သူ့ကျောင်းပြန်ချိန်နှင့် ကျောင်းပိတ်ရက်များ မှာမှ  သုံးဖြစ်သည့်အခါ သူ့နေ့ပိုင်းက ကိုယ့်ညမို့ ညအချိန်တွေ အတော်များများမှာ သမီးနှစ်ယောက်နှင့် အိပ်ရေး ပျက်ခံပြီး ဆက်သွယ် ဖြစ်ခဲ့ပါသည်။             ဒီသမီးနှစ်ယောက်မှာ နေ့စဉ် ကြုံတွေ့နေ ရသည့် ပြဿနာစုံကို အဖေဥာဏ်မီသလောက် ဖြေရှင်းပေးရင်း နဂိုကလည်း အဖေကိုအားကိုး တိုင်ပင်တတ်သည့် သမီးတွေမို့ အဖေ့မှာ သမီး နှစ်ယောက်ကြား တစ်လှည့်စီဗျာများရပေမယ့်
ဒါကိုပဲ ကျေနပ်သာယာနိုင်ခဲ့ပါသည်။            ““ဖေဖေ၊ သမီးအထက်က အင်ဒိုတရုတ် မ အရာရှိကြီးက သမီးကို အတော်ချစ်တယ်၊ ဒါပေမဲ့ ရုံးဆင်းရင် အိမ်မပြန်ရဘဲ သူဈေးဝယ် တဲ့နောက် တစ်ကောက်ကောက်လိုက်ခိုင်းနေတာ နဲ့ ညဆယ်နာရီလောက်မှ ပြန်ရောက်တာ၊ တစ် ကိုယ်လုံးညောင်းကိုက်ပြီး စာရေးစာဖတ်ချိန် လည်းမရ၊ ဖေဖေပို့တဲ့စာအုပ်တွေလည်း တစ်အုပ်မှ မဖတ်ရသေးဘူး ဖေဖေ””
    ““အေးပါသမီးရယ်၊ လူတွေရှိရင် ပြဿနာ တွေရှိတာပေါ့သမီးရဲ့၊ ဒါပေမဲ့ အမုန်းခံရလို့ ဖြစ်ရတဲ့ဒုက္ခထက်စာရင် အချစ်ခံရလို့ ဖြစ်ရတဲ့ ဒုက္ခက တော်သေးတာပေါ့၊ သည်းခံလိုက်ပါ သမီးရယ်၊  အခြေအနေတစ်ရပ်က ကိုယ်ပြုပြင် ပြောင်းလဲလို့ မဖြစ်နိုင်သေးရင်တော့ လက်ခံဖို့ပဲ ကြိုးစားရမှာလေ၊ ဒါပေမဲ့ အမြဲဒီလိုဖြစ်နေမှာ မဟုတ်ပါဘူး၊ အပြောင်းအလဲဆိုတာက အမြဲ ရှိနေတာပါ သမီးရဲ့””                    ဒါက သမီးကြီးကို အားပေးရတဲ့စကား။  သမီးငယ်လေးကလည်း..                ““ဖေဖေ၊ သမီးကအခု ၁၈နှစ်မပြည့်သေး လို့ ဘဏ်စာရင်းလည်းဖွင့်လို့မရဘူး၊ အဲဒါ ကြောင့်မို့ သမီးအတွက် ရမယ့်ပညာသင်ဆုငွေ တွေကို သိမ်းစရာမရှိဘူး ဖြစ်နေတယ်၊ ကျောင်း ကလည်း ၁၈နှစ်မပြည့်တဲ့ကျောင်းသား လက် မခံဖူးလို့တဲ့။ သူတို့လည်း ဘာလုပ်ရမှန်း မသိဘူးတဲ့၊ သမီးတော့ စိတ်ညစ်ပါတယ်”            “သမီးလေး၊ စိတ်မညစ်နဲ့၊ သမီးနာမည် နဲ့ဖွင့်လို့မရပေမယ့် ဖွင့်ပြီးသားလူကြီး တစ်ယောက်ယောက်ရဲ့ မိုင်နာအကောင့်အဖြစ်  ဖွင့်လို့ရမယ်ထင်တယ်၊ အဲဒီလိုမဟုတ်ရင်လည်း ကျောင်းက တာဝန်ရှိငွေစာရင်းအရာရှိတို့ဘာတို့ က သမီးစာရင်းကို ထိန်းပေးလို့ရမှာပါ၊ အဆင် ပြေသွားမှာပါသမီးရယ်၊ ဖေဖေလည်း ဖေဖေ့ မိတ်ဆွေတွေကို အကျိုးအကြောင်းပြောပြ အကူ အညီတောင်းကြည့်ဦးမယ်၊ ကျောင်းက လည်း ပြေလည်အောင်သမီးကို လုပ်ပေးမှာပါ””            ဒါက သမီးလေးကို နှစ်သိမ့်ရတဲ့စကား။ ဒီလို ဒီလို အလားတူ ပြဿနာပင်လယ်များထဲ  အတူ ကူးခတ်ရင်း သမီးနှစ်ယောက်ကြားက အဖေအဖြစ် အချိန်အတော်များများကို ကျေနပ် စွာ ကုန်ဆုံးသွားရမည်ဟု မျှော်လင့် ခဲ့မိသော် လည်း တကယ်တန်းမှာ သမီးနှစ်ယောက် ကြား က ထူးခြားသော အဖေဘ၀ကို ကြုံဆုံခဲ့ရပါ သည်။     သည်လိုဖြစ်ရပုံက မြေညီထပ်တွင် အလည်ခန်းဖြစ်သော ကိုယ့်အခန်း၏ဘေးမှ နှစ်ခန်းစလုံးမှာ တစ်လတည်းအတွင်း လူသစ် များ ပြောင်းရွှေ့ရောက်ရှိလာသည်က အစပြု သည်ဟု ဆိုရပါမည်။                 ညာဘက်က အခန်းမှာ ရောက်ရှိလာသူ များက  ကိုရီနိုင်ထက်ဆယ့်ငါးနှစ် နှစ်နှစ်ဆယ် ငယ်မည့် လူငယ်လင်မယားဖြစ်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရှိသည်။ ကိုရီနိုင် သူတို့ ဌာနမှာ အရာရှိဖြစ်ခဲ့စဉ်က သူတို့ဌာနကို ရောက်သေးပုံ မပေါ်သော်လည်း ယခုတွေ့ရတော့ လူကြီး တစ်ယောက်အနေဖြင့် လေးလေးစားစား ဆက် ဆံကြပါသည်။ သို့သော် ထိုလူငယ်ကလေးမှာ လူကြီးကိုလေးစားဖို့ သတိမရနိုင်တတ်သည့် “ရွှေအိုရောင်ညနေရီ”များကို နေ့စဉ်ပိုင်ဆိုင်တတ် သူ ဖြစ်နေပြန်ပါသည်။                 ““ဟေ့၊ တံခါးဖွင့်စမ်း၊ ခွေးမလေး၊ အဖေ ပြန်လာလို့မှ တံခါးဖွင့်ပေးဖော်မရဘူး””            ဟု အော်ဟစ်ပြန်လာပြီး တံခါးကို ဆူညံစွာ ခေါက်တတ်သော ထိုလူငယ်ကလေးသည် အိမ် နီးချင်းလူကြီးတွေကို သတိမရတော့ပဲ သမီးနှင့် မိန်းမကို ခွေးမချင်းထွေးကာ ဆဲဆိုနေတတ် သည်။                        “အမေက ခွေးမဆိုတော့ ခွေးမကမွေး တော့ ခွေးမလေးပဲ မွေးတာပေါ့၊ အဖေပြန်လာ လို့မှ ကြိုရကောင်းမှန်းမသိ၊ ထမင်းခူးပေးဖို့၊  ဟင်းခပ်ပေးဖို့များ ဝေး”” စသည်ဖြင့် ဆဲဆို အော်ဟစ်ရင်း ယမကာသမားတို့ သဘာဝ အတိုင်း ပြောပြီးသားတွေကို ထပ်ထပ်ပြော နေ တတ်သည်။ သူအိမ်ပြန်လာချိန်က ၈နာရီထက် မစောလှပဲ တစ်ခါတရံ ၁၀နာရီကျော်သည့်တိုင် အိမ်နီးချင်းကို အားနာဖို့ သူသတိရပုံမပေါ်ပဲ အော်ဟစ်နေတတ်သည်။                ““မိညို၊ မိညို၊ဟဲ့-ညိုမ၊ နင့်အမေ ခွေးမ ကြီးကို ပြောစမ်း၊ ဟင်းချိုကအေးစက်နေတာ လို့၊ ဘာဖြစ်တယ်၊ မီးပျက်လို့၊ အေး-မီးပျက် ရင် မီးသွေးမီးဖိုနဲ့တည်ပေါ့၊ ခွေးမကြီး မအား ရင်လည်း ခွေးမလေးက လုပ်မှပေါ့၊ ကဲ- နင် တို့ဟာလေ၊ သူများကြားတော့ ငါအဆိုးဖြစ်ဦး မယ်””                        ဒါက သမီးတစ်ယောက်အဖေဖြစ်သော တစ်ဖက်ခန်းက အသံ ဖြစ်ပါသည်။ သူတို့နှင့် အပြိုင် တခြားတစ်ဖက်ခန်းကို ပြောင်းလာသူ များကလည်း သမီးရှင်များဖြစ်သည်။ သူတို့က ကိုရီနိုင်နှင့် အသက်မတိမ်းမယိမ်းပေမယ့် သူ တို့လည်း ကိုရီနိုင်၏ မိတ်ဆွေဟောင်းများ မဟုတ်ကြပါ။ သို့သော် ခင်ခင်မင်မင် နေတတ် ကြပုံတော့ ပေါ်ပါသည်။ သူတို့ဘက်က အသံ ကတော့ တစ်မျိုး။
    ““ဟေ့၊ သမီးလေး၊ လာလာ၊ အမလေး၊ အဖေကြီးကို ငါ့သမီးကလွမ်းနေတာကိုး၊ သမီး သဲသဲလေးကို အဖေမရှိတုန်း သူတို့က ဂရုမစိုက် ဘူးကိုး””                        ““အမလေး၊ စိုက်ပါတယ်၊ အဖေ့သမီးက အဖေလာမှ ကပ်ချွဲနေတာ””                ဒီလိုအသံမျိုး ဖြစ်ပါသည်။ တစ်ဖက်ခန်း ကလို အမင်္ဂလာအသံမျိုးမဟုတ်ပဲ မင်္ဂလာရှိ သည့် မေတ္တာ ရနံ့ထုံမွှန်းသောအသံမျိုးမို့ နားမခံ သာစရာမရှိဟု ထင်စရာရှိသည်။ သို့သော် သူ တို့ အခန်းကလည်း တစ်မျိုးတစ်ဘာသာ ဆိုး သည်။                        ဘာကြောင့်ဆိုတော့ သူ့သမီးကို မြှူသည့် အခါ သာမန် ပြောသည့်အသံမဟုတ်ပဲ ထူးခြား  စွာ အူလှိုက်သည်းလှိုက် အသံတစ်မျိုး အဖြစ် ပြောင်းသွားတတ်၍ ဖြစ်ပါသည်။ ကြားစက ဆိုလျှင် သူတို့အိမ်မှာ တစ်စုံတစ်ခု ဖြစ်သည် ထင်ပြီး အပြေးအလွှားသွားကြည့်ရမလို ဖြစ်ခဲ့ ပါသည်။ တက်တော့ချက်တော့မယ့် အသံမျိုး ဟု ဆိုရမလား၊ အချစ်ဇောမာန်တက်သည့် အသံ မျိုးဟုပင် ကင်မွန်းတပ်ရမလားမသိ၊ ယင်းအသံ မျိုးကို ကာလအတန်ကြာ ကြားနေကျ ဖြစ်လာ သည့်တိုင် နားမယဉ်နိုင်သေးပဲ ရုတ်တရက် ကြားလိုက်တိုင်း ရင်ထဲဒိတ်ကနဲ ဖြစ်သွားရ သည်။ မဖြစ်ခံနိုင်ရိုးလား...                ““အမလေး၊ အမလေး၊ လုပ်ကြပါဦး၊ လုပ်ကြပါဦး၊ အမလေး၊ သမီးလေးက သဲလေး က အဖေကြီးကို ချစ်တာ၊ ဟုတ်ပါ့ဟုတ်ပါ့ သိပါပြီသမီးရယ်၊ သိပါပြီ၊ အမလေးဗျာ””            ဒီလိုစကားကို မုဒ်အပြည့်ဖြင့် သံကုန်ဟစ် ပြီး ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား သမီးအပေါ် ချစ်ပြသည့် ကွဲရှရှ သမုဒယသံစဉ်။            ပြောရလျှင် ဘေးအခန်းနှစ်ခုဆီမှာ သမီး တစ်ဦးစီ၏ အဖေများဆီက ကြားရသည်မှာ အပူနှင့်အအေးမတူသော ဆန့်ကျင်ဘက်အသံ များ။ သို့သော် အပူကလည်း နာဂစ်ဆိုက်ကလုံး လို ပြင်းထန်သလို အအေးကလည်း သက်သာ မည်မထင်နှင့်၊ အန္တာတိကာတိုက်မှာ တိုက်သည့် နှင်းမုန်တိုင်းလိုမျိုး။ အပူလှိုင်းရော အအေးလှိုင်း ရော နှစ်ဖက်ညှပ်သည့်ကြား တစ်နည်းအားဖြင့် သမီးတွေကိုတမျိုးစီချစ်သောအဖေများကြားမှာ သူညပ်နေခဲ့ရသည်။                     ဒီတော့ ညကို ကိုယ့်သမီးများဖြင့် အင် တာနက်ပြောရတာလည်း သိပ်အဆင်မပြေ တော့။ မူလကမှ လိုင်းမကောင်းလို့၊ ဂိတ်ဝေး ကကျလို့၊ ရေ အောက်ကြိုးပြတ်လို့ စသည်ဖြင့်  စကားပြောရ အဆင်မပြေရသည့်အထဲ အပူလှိုင်း အအေးလှိုင်း သံတို့ ထပ်နှောက်ယှက်သောအခါ “သမီးကြားရဲ့လား၊ ဖေဖေတို့ဘက်ကဆူလိုက် တာ၊ ဖေဖေကြားရရဲ့လား” စသည်ဖြင့် အပြန် အလှန် ပြောနေရရင်း ဘာမှ အဆင်ပြေပြေ ပြော မဖြစ်ပဲ ရှိတတ်သည်။                    ဒါတင်မက အပူလှိုင်းကြောင့်ဖြစ်စေ၊ အအေးလှိုင်းကြောင့် ဖြစ်စေ၊ အိပ်ရာက လန့် နိုးပြီး ထထိုင်မိရသည်ကလည်း အကြိမ်ကြိမ်။         ““ဟဲ့၊ မိညို၊ ခွေးမ၊ လာစမ်း၊ ဒီလာစမ်း၊ ကဲဟာ၊ ကဲဟာ၊ စာကျက်ရင်းများ ငိုက်နေရ တယ်လို့၊ အခုမှ ၁၁နာရီရှိသေးတယ်၊ ပြာပုံတိုး ချင်တဲ့ ခွေးမ”“ ဆိုသည့် အပူလှိုင်း။            ဖေဖေကြီးကိုချစ်တယ် သီချင်းအလိုက် ဖြင့် ““သဲသဲလေး၊ သဲသဲလေး၊ သဲသဲလေးကို ချစ်တယ်၊ သဲသဲလေးကိုချစ်တယ်””ဟု ရုတ် တရက် ညသန်းခေါင်မှာ ထအော်တတ်သော အအေးလှိုင်း။ အပူလှိုင်းကတော့ အရက်မူး သည်ဆိုတော့ ထားပါတော့။ အအေးလှိုင်းကော ဘာများမူးပါလိမ့်၊ ကိုရီနိုင်မတွေးတတ်။ ဘာ ပဲဖြစ်ဖြစ် အိပ်ရာထဲက ငေါက်ကနဲ ဆွဲထူနိုင်ပုံ ကတော့ အတူတူပင် ဖြစ်သည်။                ဒီဒဏ်ကို နေ့စဉ်ရက်ဆက်ခံရင်း သူတို့ကို တစ်ခုခုပြောရင်ကောင်းမလားဟု ကိုရီနိုင် စဉ်းစားမိသည်လည်း အကြိမ်ကြိမ်။ သို့သော် အများအတွက် ခေါင်းခံပြောရမည်ဆိုလျှင် ရဲရဲ ၀ံ့ဝံ့ တာဝန်ယူပြောဖို့ ဖြစ်သမျှရင်ဆိုင်ဖို့ အဆင် သင့်ရှိတတ်သလောက် ကိုယ့်တစ်ဦးတည်းကိစ္စ အတွက် ပြောဖို့ဆိုလျှင် အားနာလက်တွန့်တတ် သော သူ့သဘာဝအတိုင်း နှစ်ခန်းစလုံးကို ဘာ မှ ပြောမထွက်ခဲ့ပါ။
    သည်လို နေ့စဉ် ကြိတ်ခံရတာမျိုးတွေ အပြင် အလိုက်မသိတတ်သည့် သူတို့နှစ်ခန်း စလုံးက တူညီစွာပေးတတ်သည့် ဒုက္ခတစ်မျိုး အခန်းတံခါးကို ၀ုန်းကနဲ ၀ုန်းကနဲ ဆောင့်ပိတ် တတ်တာ ဖြစ်ပါသည်။ ဘယ်ဖက်ကပဲ ၀ုန်းဝုန်း၊ ညာဖက်ကပဲ ၀ုန်းဝုန်း၊ အလည်က အခန်းက သိမ့်သိမ့်တုန်သွားရပြီး တစ်နှစ်တစ်ခေါက် ဆယ် ရက်လောက် အိမ်ပြန်လာတတ်သည့် သမီးကြီး  က အိပ်ရာက လန့်နိုးတော့ မခံနိုင်။
    ““ဖေဖေ၊ သူတို့က ဘယ်လိုဖြစ်နေကြတာ လဲ၊ ဖေဖေက ကိုယ့်အခန်းက မတော်တဆပြုတ် ကျလို့ အသံထွက်ရင်တောင် မကြိုက်ဘူး။ သူ တို့ကတော့ လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်နေတာ၊ သမီးလည်း မှတ်လောက်သား လောက်အောင် တံခါးဆောင့်ပိတ်ပြလိုက်ဦး မယ်””                        ““မလုပ်ပါနဲ့သမီးရယ်၊ သူတို့တံခါးတွေက ပျက်နေပြီး ဒီတိုင်းပိတ်မရတာဖြစ်ချင်ဖြစ်မှာ””         “မရဘူးဖေဖေရာ၊ သူတို့တံခါးပျက်ရင် သမီးတံခါးလည်းပျက်မှာပဲ၊ သမီးလည်း ဆောင့် ပိတ်မယ်”                        စိတ်မကျေချမ်းနိုင်ပြောနေသော သမီးကို  သူက စိတ်ပြေအောင် စနောက်သည့်သဘော ဖြင့်..                        ““ထားလိုက်ပါသမီးရယ်၊ ဘယ်သူတံခါး ပျက်ပျက်၊ ကိုယ့်တံခါးမပျက်စေနဲ့တဲ့၊ လူကြီး တွေ ဆုံးမထားတယ်မဟုတ်လား””            စာရေးဆရာမပေါက်စသမီးက အဖေ့ စကားကို ရုတ်တရက်နားမလည်ပဲ နောက်မှ သဘောပေါက်သွားကာ..                “ဖေဖေကတော့လုပ်ပြီ၊ ကြံကြံဖန်ဖန်”ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် ကိုရီနိုင်က ဘယ်သူ တရားပျက်ပျက်၊ ကိုယ်တရားမပျက်ဖို့ (အတိုင်း အတာတစ်ခုအထိ) သည်းခံခွင့်လွှတ်လိုစိတ် မွေး လိုသူဖြစ်ပါသည်။ ဒါပေမဲ့ အခု သူတို့လုပ်နေ ပုံဖြင့် တစ်နေ့နေ့မှာ သူလည်းတစ်နေကုန် တံခါး ဆောင့်ပိတ်နေပြီး အော်ဟစ်သောင်းကျန်း နေမိမလား ကိုယ်ဖါသာ အာမမခံနိုင်။
    သည်လိုဖြင့် တစ်နေ့တော့ ..            ““အစ်ကို၊ ပွဲရုံတန်းက အရာရှိရိပ်သာမှာ သင်တန်းခန်းမလုပ်ခဲ့တဲ့နေရာကို အိမ်ခန်း ပေးမလို့တဲ့။ နေမလားမေးနေတယ်၊ ပြောင်းမယ် ဆိုရင်တော့ သိမ်းရဆည်းရ  ဒုက္ခ ဖြစ်ဦးမယ်””
    ““ဟုတ်လား၊ ပြောင်းရအောင်ကွာ၊ ခဏ တော့ အပင်ပန်းခံရမှာပေါ့၊ ခုလည်း ဒုက္ခ ဖြစ် နေတာပဲဟာ””                    ““ဒါပေမဲ့ ဟိုဘက်မှာက မီးခဏခဏ ပျက်တယ်တဲ့””                    ”“အမလေး၊ အခု ဒီမှာ မီးမပျက်တော့ ကော သူတို့ ဒီလောက် ဆူညံနေတာ၊ မင်း တီဗီကောင်းကောင်းကြည့်လို့ရလို့လား၊ စာတွေ ဘာတွေ ကောင်းကောင်း ဖတ်လို့ ရလို့လား၊ ဘာ ထူးလို့လဲ””                    ““မဟုတ်ဘူးလေ၊ မီးပျက်တော့ သမီးတို့နဲ့ အဆက်အသွယ်ခက်လိမ့်မယ်””                ““အမလေး၊ ဒီမှာလည်း ပြောလို့ရတာ မှတ်လို့ကွာ၊ မီးပျက်ရင် အဲဒီနားမှာ အင်တာနက် ဆိုင်တွေရှိမှာပေါ့၊ ပြောင်းရအောင်ပါ””
    ဆယ်ရက်လောက်နေပြီး ပြန်သွားရသော သမီးကလည်း အိမ်ပြောင်းဖို့ကို ထောက်ခံ ဆန္ဒမဲပေးသွားသည်။                    သည်လိုဖြင့် ကျွန်တော်တို့ မိသားစု အိမ် ပြောင်းဖို့ ပြင်ဆင်ရသည်။ ပြောင်းရမည့် အခန်း က ခန်းမကို အိမ်ခန်းအသွင်ပြောင်းရဦးမည်မို့ နောက်နှစ်ပတ်သုံးပတ်မှနေလို့ရမည်ဆိုတော့ ပစ္စည်းများကို အေးအေးလူလူ သိမ်းနိုင်ကြပါ သည်။ အထူးသဖြင့် ကျွန်တော့် စာအုပ်များကို ထုတ်ပိုး သိမ်းဆည်းဖို့လေ။                 ပစ္စည်းတွေ သိမ်းဆည်းနေစဉ် ညချမ်း တွေမှာ တစ်ဖက်တစ်ချက်ဆီမှ မီးမုန်တိုင်းရော နှင်းမုန်တိုင်းပါ နှစ်ဖက်ညှပ်တိုက်နေမြဲရှိသည်။         ““ဟဲ့၊ ညိုမ၊ ခွေးမြီးကောက် ကျည် တောက် စွပ်ဆိုတာ နင်မှအစစ်ပဲ ခွေးမရဲ့၊ နင်က ဘယ်တော့မှ လူဖြစ်မယ့်ဟာမဟုတ် ဘူး””ဟူသော အသံနှင့်အပြိုင် ..
    ““ဟဲ့၊ သဲသဲလေး၊ အစားကြီးလေး၊ သူ့ အတွက်မကပဲ အဖေ့မုံ့ပါလုစားတယ်၊ မိဆိုး””
ဆိုသောအသံကိုပါကြားနိုင်သည်လေ။            အော်လိုက်စမ်း၊ ဆူလိုက်စမ်း၊ ချွဲလိုက် သည်းလိုက်စမ်း၊ ခံရလှ နှစ်ပတ်သုံးပတ်ပေါ့ဟု ကိုရီနိုင်တွေးသည်။သည်အတွေးဖြင့် ပစ္စည်း သိမ်းရတာလည်း မမောနိုင်။ သူများသမီး နှစ်ဖက် ကြားမှာ ညပ် ပြီး ကိုယ့်သမီး တွေနှင့် (ဆက်သွယ်ဖို့) ဝေးနေရ သည့် အဖေ ဘ၀မျိုးက လွတ်ချင်နေပြီဖြစ်၏။ သူများသမီး နှစ်ယောက် ကြားကအဖေ ဆက် မဖြစ်ပါရစေနဲ့တော့။             ဒီကြားထဲ “အခုနေရာကလေးက ကောင်းသားနဲ့”ဟု ဆိုနေကြသော မိတ်ဆွေများ ကို ထိုသို့သော သမီးနှစ်ယောက်ကြားက အဖေ ဘ၀ဆိုးကို ရင်ဖွင့် ပြောပြပြီး ဒီမှာဆက်နေလျှင် မျက်ကွင်းဟောက်ပက်ဖြင့် အသက်တိုရမည့် ကိန်းပင် ရှိကြောင်း ပြောပြရသည်။ တစ်ခုတော့ ရှိသည်။ ထို မိတ်ဆွေများကို စကားရှည်နေမှာ စိုးသဖြင့် ပြောမပြဖြစ်ခဲ့သော အကြောင်းတစ်ခု ရှိနေသည်။                    အဲဒါကတော့ ဘယ်ဘက်အခန်းမှ ညိုမ ဆိုသည့်ကလေးမှာ သူ့အဖေက “ခွေးမ”ချင်း ထွေးနေအောင် အခေါ်ခံရရှာသော်လည်း သူ့ အသံ တစ်စက်မှ မထွက်ရဲသော မူလတန်း ကျောင်းသူကလေးဖြစ်ပြီး ညာဘက်ခန်းမှ “သဲ သဲလေး”ကတော့ သူ့အဖေက သမီးချင်းထွေး အောင်ခေါ်ပြီး အချစ်ကြီးချစ်သည့် အိမ်မွေး ခွေး မလေးတစ်ကောင် ဖြစ်သည့် အကြောင်း ဖြစ် ပါသည်။                        အခုပဲကြည့်။ ထုံးစံအတိုင်း ခွေးမ ချင်း ထွေးနေသည့် ဘယ်ဘက်အခန်းက အဖေ့အသံ နောက်မှာ သူ့သမီးလေးက အသံတစ်စက်မှ မထွက်ရဲပေမယ့် ညာဘက်ခန်းက အဖေ ဖြစ်သူက..
    “ကဲ-ကဲ၊ ဖေဖေကြီး အချစ်ဆုံး သမီးလေး က ဘယ်သူလဲ၊ ဘယ်သူလဲ” ဟု အူတုံသည်း လှိုက် ချော့မြှူလိုက်သည့်အခါ  ထိုသမီးကလေး က ဘာသာဘာဝပဲလား၊ သိုးဆောင်းဘာသာ ဖြင့်လား အဖြေပေးလိုက်သည် ကို ကြားနေရ သည်ပဲ။                         “အိုင်..အိုင်” ဆိုတာလေ..။   ။
                                                                                       
                                                                             (Beauty magazine ဇူလိုင်၊ ၂၀၁၃)
                 
 
   

0 ခု - မှတ်ချက်ရှိသည်:

Post a Comment