Friday, August 10, 2012

ရေကြည်တွင်းလေးနံဘေးမှာ

ရေကြည်တွင်းလေးနံဘေးမှာ
- မောင်လွင်မွန်(ကသာ) -

            တစ်ဟုန်ထိုး စီးဆင်း နေသော ချောင်းရေသည် ၄င်း၏ အင်အားဖြင့် တိုက်စား ဖျော်ယူ လာသော ရွှံ့များကို သယ်ဆောင်လျက် ဆက်လက် စီးဆင်း နေပေသည်။ ချောင်း၏ နံဘေး မနီးမဝေး ၌ကား လက်ယက် တွင်းလေး တစ်တွင်း။ တွင်းလေး အနီးတွင်ကား ပုံ့ပုံ့ယုံ့ယုံ့ ထိုင်လျက် တွင်းထဲမှ ရေများကို သူ့အိုးလေး ထဲသို့ အသာ ခပ်ထည့် နေသော မိန်းကလေး တစ်ယောက် ...။
            “ဪ . . . ကိုသောင်းရွှေ”
            ငုံ့၍ ရေခပ်နေစဉ် ကျလာသော လူရိပ်ကြောင့် မော့ကြည့်ရင်း ရောက်လာသူကို  သူက နှုတ်ဆက် လိုက်၏။
            “အေး . . . ဒီနေ့တော့ နင် တစ်ယောက်တည်းနော် နှင်းဥရဲ့”
            “ဟုတ်တယ်၊ ကျွန်မ နုကြည်ကို ဝင်ခေါ်ဦး မလို့ဘဲ၊ ဒါပေမဲ့ သူ နေမကောင်းတာ မပျောက် သေးဘူး ထင်တာနဲ့”
            “အေးပါ . . . နုကြည် ကောင်းကောင်း မပျောက်သေးပါဘူး”
            ပြောပြောဆိုဆိုဖြင့် သောင်းရွှေက နှင်းဥ အနားတွင် ဝင်ထိုင် လိုက်သည်။
            “ဒါကြောင့်လည်း ငါ နင့်နောက်ကို လိုက်လာတာ ပေါ့ဟာ။ အရင်ဆိုရင် ငါက နင်နဲ့ စကား လွတ်လွတ် လပ်လပ် ပြောချင် ပေမယ့် နင်ရေခပ် သွားတိုင်း နုကြည်က ပါနေတော့ ငါက ငါ့နှမ တစ်ယောက်လုံး ရှေ့မှာ ဘယ်လို ပြောတော့ မလဲဟာ”
            “ကျွန်မနဲ့ ဘာများ ထူးထူး ထွေထွေ ပြောစရာ ရှိသေး လို့လဲ ကိုသောင်းရွှေ”
            “ရှိတာပေါ့ နှင်းဥရာ၊ နင်လည်း သိရက် သားနဲ့ နင် ငါ့ကို ပေးထားတဲ့ အဖြေကို မပြင်နိုင် တော့ဘူးလား ဟင်၊ ငါ့ကို နည်းနည်းမှ မစဉ်းစား နိုင်တော့ ဘူးလား ဟာ”
            “ဪ . . . ကိုသောင်းရွှေရယ်၊ တွေ့တိုင်း ဒါကိုပဲ ပြောနေတာပဲ၊ ကျွန်မ ကိုသောင်းရွှေကို အစ်ကို တစ်ယောက် လိုပဲ ခင်နိုင်မယ်လို့ ပြောဖူးပြီပဲ၊ ပြီးတော့ ကျွန်မမှာ. . . ”
            “ဘာလဲ နင်နဲ့ ထွန်းကျော်နဲ့ ကိစ္စကို ပြောဦး မလို့လား၊ ထွန်းကျော်ဟာ နင်နဲ့ ဆိုင်ချင်တော့ ဆိုင်လိမ့်မယ်၊ မပိုင် သေးဘူး မဟုတ်လား နှင်းဥ၊ ဒီတော့ ထွန်းကျော် ရှိနေပြီ ဆိုတာ နဲ့တော့ ငါက နောက်ဆုတ် မပေးနိုင်ဘူး၊ နောက်မဆုတ် နိုင်ရုံတင် မကဘူး၊ နင့်ကို မရ, ရအောင် ငါ ကြိုးစားမယ်၊ ဒီမှာ ငါပြော ဦးမယ် နှင်းဥ၊ ထွန်းကျော်ဟာ နင့်ကို လောလောဆယ် လက်မထပ် နိုင်သေး ပါဘူး၊ လက်ထပ် နိုင်တဲ့ တိုင်အောင် နင့်ကို တင့်တောင့် တင့်တယ် မထားနိုင် ပါဘူးဟာ”
            “ဒါတွေ ရှင်နဲ့ မဆိုင်ပါဘူး ကိုသောင်းရွှေရယ်”
            “မဆိုင် ရင်ကော နှင်းဥရာ၊ သူ့ထက် ငါက နင့်ကို တင့်တင့် တယ်တယ် ထားနိုင်မယ် ဆိုတာ နင်သိဖို့ ကောင်းတာ ပေါ့၊ ငါလေ အခု သစ်မွှေး အရောင်း အဝယ်မှာ ငွေတစ်သောင်း လောက် မြတ်ထားတယ်၊ ဒီလို အရောင်း အဝယ် သွားရင်း နဲ့ပဲ ခု ငါ့အိမ် ရောက်နေတဲ့ မျိုးဝင်းအောင် ဆိုတဲ့ လူနဲ့ ပေါင်းမိ ပြန်ရော၊ သူက စီးပွားရေး အကွက် မြင်တယ်၊ ဒါပေမယ့် ငွေရင်း မရှိဘူး၊ ဒီတော့ ငါက ငွေစိုက်မယ်၊ သူ့ ကြံရည် ဖန်ရည်နဲ့ ပေါင်းရင် တို့ အများကြီး ပွနိုင် စရာတွေ ရှိတယ်၊ အဲဒီ အခါကျ နင့်ကိုငါ တစ်သောင်း လောက်တောင် တင်ပြီး ယူနိုင် ပါတယ် ဟာ”
            “စိတ်ညစ် ရပါလား ကိုသောင်းရွှေ ရယ်၊ ဘာတွေ လာပြော နေတာလဲ၊ တကယ် ဆိုတော့ ကိုထွန်းကျော် ဟာ ရှင့် သူငယ်ချင်း ပဲဟာ၊ ရှင် သူ့အပေါ် သစ္စာရှိသင့် ပါတယ်ရှင်”
            “သစ္စာ မဲ့တယ် ပြောပြော ဘာ ပြောပြောဟာ၊ ငါကတော့ နင့်ကို ချစ်တာပဲ သိတယ်၊ နင့်ကိုငါ ရအောင် ယူမှာပဲ၊ တကယ် ဆိုတော့ ထွန်းကျော် ရယ်၊ ငါရယ်၊ နင်ရယ်၊ နုကြည်ရယ် လေးယောက် မိုးတားမှာ ကျောင်း သွားနေ ကတည်းက နင့်ကိုငါ ချစ်ခဲ့တာ ပါဟာ၊ ထွန်းကျော်က ငါ့ထက် ဘာများ သာလို့ လဲဟယ်၊ တကယ် ဆိုတော့ ထွန်းကျော်လို လှေကြီးထိုး ရိုးရိုး သမား၊ နင် အားကိုရင် မှားမှာပေါ့၊ ခုလည်း သူ ကသာကို သင်တန်း ဆိုလား သွားတာဆို၊ ဒီလို အပိုအလုပ် တွေက သူ့မှာ အများကြီး၊ ရပ်ရေး ရွာရေး ဟိုအရေး ဒီအရေးနဲ့ အမြဲ ရှုပ်နေတာ၊ သူနဲ့ဆို နင် ထမင်းတောင် နပ်မှန်အောင် စားရမှာ မဟုတ်ဘူး သိလား”
            “တော်တော့ ကိုသောင်းရွှေ မပြော နဲ့တော့၊ ခုလောက် ပြောတာကို လွန်နေပြီ သိလား”
            “အေး ... ဒါဆို နင့်ကိုငါ နောက်ဆုံး ပြောခဲ့မယ်၊ နင့်ကိုတော့ ငါ ရအောင် ယူမှာပဲ၊ နင် သဘော တူတူ မတူတူ၊ ငါ ဒီတစ်ခေါက် ပြန်လာရင် မိဘချင်း နားဖောက် ခိုင်းတော့ မှာပဲ”
            “အို . . . ဒီလို လုပ်လို့ ဘယ်ရမလဲ၊ ကျွန်မ သဘော မတူရင် ရှင်ဘာမှ လုပ်လို့ မရဘူး၊ ကျွန်မ မကျေနပ်ရင် အဖေတို့ ကလည်း ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး သိလား”
            “ဪ . . . နှင်းဥရာ လုပ်ပေးအောင် ငါက ကြံရ မှာပေါ့၊ အဲဒီအခါ ကျမှ ငွေမျက်နှာ ဘယ်လောက် ကြီးတယ် ဆိုတာ နင်သိလာ ဦးမှာပေါ့”

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

            နှင်းဥသည် ရေအိုးလေးကို လက်ယက် တွင်းလေး အနီးသို့ ချလိုက်၏။ ပြီးတော့ တစ်နေ့က ဤနေရာ မှာပင် သူ့ သူငယ်ချင်း နုကြည်၏ အစ်ကို သောင်းရွှေနှင့် ဆုံခဲ့ရသည့် အဖြစ်ကို ပြန်တွေး နေမိသည်။ ဘာပဲ ဖြစ်ဖြစ် ဒီအဖြစ် အပျက်က သူ့ကို စိတ် အနှောင့် အယှက် ဖြစ်စေသည်။ သူ့ချစ်သူ ထွန်းကျော် တစ်ယောက် ကသာသို့ သင်တန်း တစ်ခု တက်ရန် ဆိုပြီး ထွက်သွားချိန် မို့လည်း တစ်ယောက်တည်း အားငယ်မိ သလိုလို။ ဒါပေမယ့် ထွန်းကျော်က (၇)ရက်၊ (၈)ရက် အတွင်း သူပြန်လာ ခဲ့မည်ဟု ဆိုသည်။ ပြီးတော့ ထွန်းကျော် ပြန်လာ ခဲ့၍ ဤအဖြစ် အပျက်ကို ပြောပြလျှင် ထွန်းကျော် စိတ် မကောင်းများ ဖြစ်နေ မလား ဟုလည်း တွေးနေမိ ပြန်သည်။
            ဘာပဲ ဖြစ်ဖြစ် သောင်းရွှေက သူပြော သလို ဇွတ်လုပ်လာ ခဲ့လျှင်ပင် သူငြင်း၍ ရလိမ့် မည်ဟု သူထင်သည်။ သို့သော် သောင်းရွှေ နှင့်များ အဖေတို့က သဘောတူ နေမလား ဟု ပူရ ပြန်၏။ တကယ် တော့လည်း သောင်းရွှေ ဆိုသည်မှာ အသောက် အစား ကင်း၍ စာရိတ္တ ကောင်းသူ တစ်ဦး ဖြစ်သည်။ သို့သော် အလုပ်ကို လက်ကြော တင်းအောင် မလုပ် ချင်ဘဲ အချောင် လမ်းကို လိုက်ချင် တတ်သော သူ့ စိတ်ဓာတ် ကိုတော့ နှင်းဥ မနှစ်သက် နိုင်ပါချေ။ ပြီးတော့ သူ့တွင် သူချစ် ရသော ထွန်းကျော် ရှိနေသေး သည်လေ။
            “မနှင်းဥ ထင်တယ်နော်”
            “ရှင် . . . ဪ . . . ဟုတ်ကဲ့”
            နှင်းဥ၏ အတွေးမျှင် များကို ဖြတ်တောက် လိုက်သော အသံရှင်ကား နုကြည်တို့ အိမ်မှ သောင်းရွှေ၏ ဧည့်သည် မျိုးဝင်းအောင် ဆိုသူ ဖြစ်သည်။
            “ဒီတွင်းလေးမှာ ရေခပ်တာကို စိတ်ဝင်စား လို့ပါဗျာ”
            “ဪ . . . ဟုတ်ကဲ့”
            “ရေက ခဏလေး ကုန်သွား တာနော်”
            “ဟုတ်ကဲ့ . . . ဒါပေမဲ့ ခဏပဲ စောင့်ရ တာပါ၊ ပြန်ပြည့်လာ တာပါပဲ”
            “ဒါပေမယ့်ဗျာ ကျွန်တော်တို့ ကတော့ ပန့်က ပိုက်ခေါင်း ဖွင့်ပြီး ရေကို အလွယ် သုံးလာ သူတွေ ဆိုတော့ ဒီလို ခပ်ဖို့ကို စိတ်မရှည် ပါဘူးဗျာ၊ သိပ္ပံခေတ် ဆိုတော့ မြန်နိုင် သမျှ မြန်လေ ကောင်းလေကိုး မနှင်းဥရဲ့”
            “ကျွန်မ ကတော့ ဒီလို ခပ်ယူ ရတာ ပျော်ပါတယ်၊ စိတ်မရှည် စရာလည်း မရှိ ပါဘူးရှင်”
            “ဒါထက် မနှင်းဥ မြို့မှာ ကျောင်းနေဖူး သလားဟင်”
            “မနေဖူး ပါဘူး၊ မိုးတား မှာတော့ ခြောက်တန်း အောင်ထိ နေဖူး ပါတယ်”
            “မိုးတား ဆိုတာက ဒီကို လာတော့ သင်္ဘော ဆိုက်တဲ့ ရွာကြီး ထင်တယ်နော်၊ ရွာပေမယ့် သူကလည်း မြို့လေး လိုပါပဲ၊ ဟို . . . ကျွန်တော် မေးမိတာ စိတ်မရှိ နဲ့နော်၊ မနှင်းဥ နေထိုင် ပြောဆို တာက မြို့ဆန်ပြီး ယဉ်ကျေး သိမ်မွေ့ တယ်လို့ တွေးမိ လို့ပါ”
            “ထင်လို့ ပါရှင်၊ ကျွန်မ ကသာမှာ နေတော့ ကျွန်မ ကြီးကြီး နေမကောင်းတာ ပြုစုရင်း နှစ်နှစ် လောက် နေဖူး ပါတယ်၊ ဒါပေမဲ့ ကျွန်မနဲ့ ဒီရွာက တခြား မိန်းကလေး တွေနဲ့ ဘာမှ မကွာနိုင် ပါဘူး
            “အေးဗျာ . . . ထင်လို့လည်း ဖြစ်နိုင် ပါတယ်လေ၊ ကျွန်တော်က မနှင်းဥ ကိုပဲ စိတ်ဝင်စား မိတာကိုး၊ ကျန်တဲ့ မိန်းကလေး တွေကိုတော့ သိပ် သတိ မထားမိ ပါဘူး”
            “ကဲ . . . ကျွန်မ ပြန်ဦး မယ်ရှင်”
            “ဟာ ခဏ . . ခဏ . . . နေပါဦးဗျာ၊ ရေအိုးလည်း ရေမပြည့် သေးဘဲနဲ့၊ ကျွန်တော် ပြောတာ စိတ်ဆိုး သွားလို့ လားဟင်၊ ကျွန်တော်က စိတ်မြန် လက်မြန် သမား ဆိုတော့ စိတ်မထိန်း နိုင်ဘဲ ဖြစ်သွား ရတာ၊ တကယ်တော့ လည်းလေ ပြောရမယ် ဆိုရင်တော့ မနှင်းဥကို ကျွန်တော် စိတ်ဝင်စားယုံ မကပါဘူး၊ ချစ်နေ မိတဲ့အထိ ပါဗျာ”
            “ရှင် . . .”
            “တကယ် ပါဗျာ၊ ကျွန်တော် ရွာရောက်စ ကတည်းက မနှင်းဥကို မြင်မြင်ချင်း ချစ်ခဲ့မိတာ၊ ချစ်မိဆို မနှင်းဥ ကလည်း ဒီရွာသူ တွေထဲမှာ ချစ်စရာ အကောင်းဆုံး အလှဆုံး ဆိုတော့”
            “အမလေး . . . တော်ပါတော့ ကိုမျိုးဝင်းအောင်ရယ်၊ ရှင် နုကြည် ကိုလည်း ဒီလိုပဲ ပြောခဲ့တာ မဟုတ်လား”
            “ဗျာ . . .”
            “ဟုတ်တယ်လေ၊ ရှင့်ကို ထမင်းကျွေး ထားတဲ့ အိမ်ရှင် နုကြည် ကိုလည်း ရှင် ဒီလို ပြောဖူးတယ် မဟုတ်လား၊ ဒါလည်း နုကြည် တစ်ခါ ပြောဖူးလို့ သိရ တာလေ၊ ဒီ့ပြင် တခြား ဒီရွာသူ ဘယ်နှစ်ယောက် ကို ရှင် ပြောဖူးသေး လည်းတောင် မသိဘူး၊ ရှင်တို့ မြို့ကြီးသား ဆိုတဲ့သူ တွေဟာ လူပျို စကားကို ဒီလို ထမင်းစား ရေသောက်လို လိုက်ပြော နေတာ ပဲလားရှင်”
            “ကျွန်တော် . . . ကျွန်တော်”
            “ကဲ . . . ကိုမျိုးဝင်းအောင်၊ ဟိုမှာ နောက်ထပ် ရေခပ်မယ့် သူတွေ လာနေပြီ၊ ရှင်ပြန်တော့၊ ဒါပေမဲ့ ရှင်က စိတ်မြန် လက်မြန် သမားမို့ ကျွန်မ ကလည်း အဖြေ ချက်ချင်း ပေးလိုက် ပါ့မယ်၊ ကျွန်မမှာ ရည်စူး ထားတဲ့သူ ရှိပြီး သားပါ၊ ပြီးတော့ ကျွန်မမှာ မရှိသေး ရင်တောင် ရှင့်လိုလူ ကိုတော့ ထည့် မစဉ်းစားရဲ ပါဘူး တဲ့ရှင်”

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

“ကိုထွန်းကျော်၊ နှင်းဥ ပြောတာတွေ နားထောင်ပြီး စိတ်ဆင်းရဲ နေလားဟင်”
            “စိတ်မဆင်းရဲ ပါဘူး နှင်းဥရာ၊ ငါ စဉ်းစား နေတာပါ၊ နင့်ကိုငါ ယုံပြီး သားပဲ၊ စိတ်ဆင်းရဲ စရာ မရှိပါဘူး၊ နင့်ကို သောင်းရွှေနဲ့ ငါအပြိုင် ပိုးခဲ့ရ တာမို့ သူခု အချိန်ထိ လက်မလျှော့ သေးတာ ငါမအံ့ဩ ပါဘူး၊ ပြီးတော့ ဟိုလူ ကလည်း နင့်ကို ချစ်စကား ကြိုက်စကား လာပြော တာမျိုး ငါခွင့်လွှတ်နိုင် ပါတယ်ဟာ၊ နင်ကမှ သိပ်ချစ်စရာ ကောင်းတာ ကိုး။ မဟုတ် ဘူးလား နှင်းဥရဲ့”
            “အို . . . ကိုထွန်းကျော် ကလဲ”
            ထွန်းကျော်က ပြောပြော ဆိုဆိုဖြင့် နှင်းဥ၏ မေးဖျား လေးကို လက်ဖြင့် အသာ ဆွဲမော့ လိုက်ရာ နှင်းဥက သူ့ လက်ကလေး ဖြင့် ဆွဲဖယ် လိုက်ရင်း မျက်စောင်းလေး တစ်ချက် ထိုးလိုက်၏။
            “ဟုတ်တယ်လေ၊ ဒါထက် နေပါဦး နှင်းဥရယ်၊ သောင်းရွှေက တကယ်လာ တောင်းရင် နင့်အိမ် သဘောက ဘယ်လို ရှိမယ် ထင်လဲဟင်”
            “မပြောတတ် ပါဘူး ကိုထွန်းကျော်ရာ၊ သူတို့က သဘော ကျပြီး နှင်းဥ ကိုများ နားချ နေဦး မလား မသိဘူး”
            “တကယ်လို့ နားချရင် ကောဟာ . . .”
            “နားချ ရင်တော့ ကိုထွန်းကျော်နဲ့ အကြောင်းကို အတိ အလင်း ဖွင့်ပြော ရမယ် ထင်တယ်၊ သိပ်လည်း စိတ်ပူ မနေပါနဲ့ ကိုထွန်းကျော်ရာ၊ နှင်းဥ သဘော မတူဘဲ အဖေတို့ ကတော့ ဇွတ် မလုပ်တန် ကောင်းပါဘူး”
            ထွန်းကျော်က သက်ပြင်းကို ချလိုက် မိသည်။
            “စိတ်ပူ ရတာပေါ့ နှင်းဥရာ၊ ဘယ့်နှယ် ပြောပါလိမ့်၊ မတော်တဆ နင် တခြားလူ လက်ထဲ ရောက်သွားရင် ငါရင်ကွဲ ရမှာ မဟုတ် လားဟာ၊ တကယ်တော့ မနှစ်က ရေတအား ကြီးတော့ အခင်းတွေ နစ်ပြီး ဆုံးကုန်လို့ နင့်ကို မတောင်း လိုက်နိုင်တာ ပါဟာ၊ ဒီနှစ်တော့ ဒီလောက် ကံဆက် မဆိုးတန် ကောင်းပါဘူး။ နတ်တော်၊ ပြာသိုလ အခင်းပေါ် ရင်တော့ အဆင်ပြေ ကောင်းရဲ့ အောက်မေ့တာ ပါဟာ”
            ထွန်းကျော်က ရေဖြည့်ပြီး ဖြစ်သော နှင်းဥ၏ ရေအိုး လေးကို အဓိပ္ပါယ်မဲ့ ငေးနေ မိသည်။ ပြီးတော့မှ . . .
            “တစ်ခုတော့ ရှိတယ်၊ ငါအခု ကသာမှာ သွားတက်တဲ့ အခြေခံ မွေးမြူရေး သင်တန်း ဆိုတာ တိရစ္ဆာန် ဆေးကု ဌာနက ဦးစီးပြီး ဖွင့်တာလေ၊ မွေးမြူရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ တွေ ငါအများကြီး ရခဲ့တယ်၊ လယ်စိုက်ရုံ၊ အခင်း စိုက်ရုံ အပြင် ငါမွေးမြူရေး လည်း လုပ်မယ်ဟာ၊ ရွာမှာ ရောင်းဖို့ ဈေးကွက် မရှိလည်း မြို့တက် ရောင်းရ မှာပဲ၊ ပိုက်ဆံ ရဖို့ အရေး ကြီးတယ် နှင်းဥရဲ့၊ ပိုက်ဆံ ရှိမှ နင်နဲ့ မြန်မြန် နီးနိုင်မယ် မဟုတ်လား”
            “ဘာတွေ မွေးမြူရေး လုပ်မှာလဲ ကိုထွန်းကျော် . . . ဟင်”
            “နို့စား နွားတော့ တို့ဒေသမှာ မွေးလို့ ကိုက်မှာ မဟုတ်ဘူး၊ ကြက်၊ ဘဲ၊ ဝက် လောက်တော့ မွေးလို့ ရမှာပါ၊ ငါခုချိန် ကတည်းက စလုပ် မယ်လေ၊ နင်နဲ့ လက်ထပ် ပြီးတဲ့ အခါ ကျလည်း ဆက်လုပ် မှာပေါ့၊ ဒါပေမဲ့ ကြက်တွေ၊ ဘဲတွေ မွေးတဲ့ ကိစ္စက ငါ့ဘာသာ လုပ်မှာ ပါလေ၊ နင့်ကို မခိုင်းရက် ပါဘူး၊ နင်ပင်ပန်း နေမှာပေါ့၊ နင့်ကို လွယ်လွယ်နဲ့ များများ မွေးလို့ ရတဲ့ တခြားဟာ မျိုးပဲ မွေးခိုင်းမယ်”
            “ဘာမွေးရမှာလဲဟင်”
            ထွန်းကျော်က ကိုယ်ကို အသာ နှိမ့်လျက် လေသံဖြင့် . . .
            “လူမွေးရ မယ်လေ . . . လူမွေးမြူရေး ပေါ့”
            “သွား . . . မဟုတ် တရုတ် ပြောဦး”
            နှင်းဥက ရှက်ရှက်ဖြင့် ထွန်းကျော်ကို သဲဖြင့် ဆုပ်ပေါက် ပစ်လိုက် သည်။
            “ကဲဗျာ ရေအိုးထဲ သဲတွေ ကျကုန်ပြီ၊ ရေတွေတော့ ကောင်းတော့မှာ မဟုတ်ဘူး”
            “ဘာလို့ မဟုတ်တရုတ် ပြောသေး လဲလို့”
            “အေးပါ . . . ရေပြန်ခပ် ရအောင် လုပ်တာပါ၊ ငါသိ ပါတယ်၊ ကောင်မလေး တစ်ယောက် သူ့ ရည်းစားနဲ့ စကား ကြာကြာ ပြောချင်တိုင်း အမျိုးမျိုး လုပ်နေတာ”
            “အံမယ် . . . မဟုတ်ဘဲနဲ့”
            ပြောပြော ဆိုဆိုဖြင့် ထွန်းကျော်က အိုးထဲမှ ရေများကို သဲပြင် ပေါ်သို့ သွန်ပစ် လိုက်သည်။ နှင်းဥ တွင်းလေး ဆီသို့ မျက်လုံး ရောက်သွား သည်။ တွင်းလေး ထဲတွင် ရေပြည့် နေပြန်ပြီ။ နောက်တစ်ကြိမ် အိုးထဲသို့ ရေထပ် ထပ်ထည့်ရ ပြန်ဦးမည်။ ထို့အတူ သူတို့၏ ပြောမကုန် သော ချစ်စကား များကိုလည်း တစ်ပတ် ပြန်ကျော့ ကြရ လိမ့်ဦးမည်။     

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

“နုကြည် . . . နေကောင်း သွားပြီလား”
            “ဪ . . . ကိုထွန်းကျော် နေကောင်း သွားပါပြီ၊ လာလေ ကျွန်မ ရေခပ် ပြီးပါပြီ၊ ခုပြန်တော့ မှာပါ၊ ဟောဒီမှာ နှင်းဥသာ ဘယ်သူ့ စောင့်နေလဲ မသိ၊ မခပ်ရ သေးတာ”
            “အမယ် . . . နုကြည်နော်၊ ငါ နင်ခပ် နေလို့ စောင့်နေရ တာများ”
            နှင်းဥက နုကြည်ကို မျက်စောင်းထိုးလျက် တုံ့ပြန်စကားဆိုလိုက်သည်။ ထွန်းကျော်ကလည်း . . .
            “မပြန်ပါနဲ့ဦး နုကြည်ရာ၊ ခဏ ထိုင်ပါဦး”
            “အမယ် . . . ဟန်ခေါ် ခေါ်မနေ စမ်းပါနဲ့၊ ပြောစရာ ရှိတာသာ လွတ်လွတ် လပ်လပ် ပြောကြပါ၊ ကျွန်မ တကယ် ပြန်မှာပါ”
            “မဟုတ် ပါဘူး၊ တကယ် ပါဟ၊ ထိုင်စမ်းပါ၊ နင့်ကို မေးစရာ လေးလည်း ရှိလို့ပါ၊ ပြီးတော့ နင်ရှိတာ တစ်မျိုး ကောင်းပါတယ်၊ တို့စကား ပြောရတာ ပိုဣနြေ္ဒ ရတာပေါ့”
            “အမလေး . . . ဒီလောက် ရပ်သိ ရွာသိ ဖြစ်နေ တဲ့ဟာ၊ ဘာများ ဣနြေ္ဒ ရစရာ လိုသေး လို့လဲ”
            “လူငယ်ပိုင်း ကတော့ အားလုံးလို သိနေကြ တာမို့ မြင်လည်း အကြောင်း မဟုတ် ပါဘူးဟာ၊ လူကြီး တွေများ”
            “အံမယ် လူကြီး တွေကော မသိဘဲ နေမလား ကိုထွန်းကျော်ရဲ့၊ တော်က နှင်းဥ ရေခပ်တဲ့ နေရာတော့ နှစ်ရက် တစ်ခါ သုံးရက် တစ်ခါ လာတွေ့ နေပြီးတော့ လူသိ မှာတော့ ကြောက်သလား”
            “အေး . . . ပြောတော့ နုကြည်ရာ”
            “အဟုတ် ပြောတာ ကိုထွန်းကျော်ရဲ့၊ တော်တို့ အကြောင်း နှင်းဥတို့ အိမ်က မသိသေး ဘူးများ ထင်လို့လား၊ လူကြီး တွေက ကျေနပ်လို့ မသိ ချင်ယောင် ဆောင်နေ ကြတာပဲ ဖြစ်မှာပေါ့။ တကယ် တော့လည်း ကိုထွန်းကျော် ကို ဘာများ သဘော မတူစရာ ရှိမလဲလေ။ ကဲ . . . ဆိုစမ်းပါဦး၊ ကျွန်မကို မေးမယ် ဆိုတာ ဘာလဲ”
            “အေးပါ . . . ထိုင်စမ်း ပါဦးဆို၊ နင်ကလဲ”
            ဒီတော့မှ နုကြည်က နှင်းဥ ဘေးတွင် ထိုင်လိုက် သည်။
            “နင်ပြောမှ စိတ်နည်းနည်း အေးသွား တယ်ဟာ၊ ဟုတ်မှာပါပဲ၊ လူကြီးတွေ သိတော့ သိနေမှာ ထင်တယ်၊ သူ့အိမ်က သူနဲ့ငါ့ကို သဘော မတူမှာ ငါသိပ်စိုး တာဟာ”
            “တူမှာပါ ကိုထွန်းကျော်ရယ်၊ ဒါကိုတော့ ပူမနေ ပါနဲ့၊ ဒါထက် မေးမယ် ဆိုတာ ဘာလဲလို့”
            “ဪ . . . နင့်အစ်ကို အကြောင်းပါ၊ ဟိုလူနဲ့ လိုက်သွား ပြန်ပြီဆို၊ ဘာ အရောင်း အဝယ် သွားကြတာ တဲ့လဲဟာ”
            “ဪ . . . အစ်ကို့ အကြောင်းတော့ မပြောချင် ပါဘူး ကိုထွန်းကျော်ရာ၊  အဲဒီလူက သူ့စီးပွားရေး ဖက်တဲ့၊ အရင် တစ်ခေါက် အရောင်း အဝယ် သွားရင်း လမ်းမှာ ခင်လာ တာတဲ့၊ အဲဒါ ဒီနယ် ဘက်က ရွှေတို့ ကျောက်တို့ ဝယ်ချင်လို့ ဆိုပြီး လိုက်လာ တာတဲ့၊ ဘယ်က လူမှန်းလဲ မသိပါဘူး၊ မုံရွာမှာ နေသလိုလို၊ ရှမ်းပြည်နယ် ဇာတိ လိုလို၊ ရန်ကုန်သား လိုလို နဲ့ပါ အမျိုးမျိုး ပြောနေ တာပဲ၊ ကျွန်မ ကတော့ ဒီလူ့ပုံကို မကြိုက်ပါဘူး။ အစ်ကို့ကို ကြောက်လို့ မပြောရဲ လို့သာ၊ ကျွန်မနဲ့ စကားပြော ရင်လည်း ရိသဲ့သဲ့ ချိတ်တိတ်တိတ် နဲ့၊ ခု သွားကြ တာလည်း ပြောရမှာ အခက်သား ကိုထွန်းကျော်ရဲ့။ အစကတော့ အရောင်း အဝယ် ကိစ္စ သွားမလို့ ဆိုလား၊ ဒါနဲ့ ဟိုနေ့ည ကတော့ အဲဒီ လူက ခင်ဗျား သတ္တိရှိ ရင်တော့ မရောင်း မဝယ် ရဘဲ ငွေအချောင် ရမယ့်နည်း ရှိတယ်တဲ့၊  အဲဒါက ငွေစက္ကူ အတု ဝယ်ဖို့တဲ့ ကိုထွန်းကျော်ရဲ့၊ ကိုယ်က ငွေစက္ကူ အစစ် တစ်သောင်း ပေးရင် သူတို့က နှစ်သောင်း ပြန်ပေး တယ်တဲ့”
            “ဟင် . . . အဲဒါကို သောင်းရွှေက သဘော ကျပြီး ဝယ်မလို့ တဲ့လား”
            “ဟုတ်တယ် ကိုထွန်းကျော်၊ ဟိုလူ ကလည်း အပြော ကောင်းလေ။ ဝယ်ချင်ရင် သူ့ဆီ မှာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ သူ့အဆက် အသွယ် တွေနဲ့ ရှာပေး မယ်တဲ့၊ ဟိုရောက်လို့ ငွေကို ကြည့်ပြီး အစစ်နဲ့ မတူဘူး ထင်ရင်လည်း မဝယ်ပဲ နေလို့ ရတယ်တဲ့”
            “ဟ . . . အဲဒါကို ဒီကောင်က ယုံပြီး လိုက်သွား တာလား၊ မိုက်ပါ့ဟာ၊ အစစ်နဲ့ တူမှတော့ သူ့ ရောင်းနေ တော့မလား၊ ဟိုက သူ့ဘာသာ သုံးတော့ မပေါ့”
            “ဒါတော့ မသိဘူး ကိုထွန်းကျော်ရယ်၊ ဟိုလူက အများကြီး တော့ ရှင်းပြ တာပဲ။  ကျွန်မလည်း နားမလည်ဘူး၊ အစ်ကို ကတော့ သဘော ကျပြီး လိုက်သွား တာပဲ၊ သူလည်း ဒီလောက်တော့ မအ,တန်ကောင်း ပါဘူးလေ၊ သူက ပြောသွားတော့ ဘာပဲဖြစ်ဖြစ် အဲဒီ ငွေအတုကို မြင်ဖူးအောင် လိုက်သွား ဦးမယ်တဲ့၊ သူသစ်မွှေးက မြတ်ထားတဲ့ ငွေတစ်သောင်း လည်း ယူသွား တာပဲ၊ သူသဘော ကျရင် လဲခဲ့ဖို့ လားတော့ မသိဘူး”
            “အင်း . . . ဒီကောင် နဲ့တော့ ခက်တာပဲ နုကြည်ရာ၊ ဒီကောင်က ဖြတ်လမ်း တယ်ကြိုက် တာကိုး၊ ဒီလို ရာဇဝတ်မှု မကင်း တာတွေ လျှောက်လုပ် နေရင် ဒီကောင် တစ်နေ့ ဒုက္ခ ရောက်တော့ မှာပဲ”
            “ဟုတ်တယ် ကိုထွန်းကျော်၊ ဒါကြောင့် ဒါတွေ လုပ်တာကို အဖေနဲ့ ကျွန်မက သဘော မတူဘူး။ အမေ ကတော့ သူ့သား သစ်မွှေး မြတ်ခဲ့ ကတည်းက သူ့သားကို သိပ် သဘောကျ နေတာ။ အတု ဖြစ်ဖြစ် အစစ် ဖြစ်ဖြစ်တော် သုံးလို့ ရရင် ပြီးတာပဲ။ တစ်သောင်းကို နှစ်သောင်း ရတယ်ဆို နည်းသလားလို့ အဖေ့ကို ပြောနေ သေးတယ်”
            “အေး . . . အဲဒီလို လောဘ တွေကြောင့် ဒုက္ခ ရောက်ကြ ရတာပဲ။ တစ်ခုတော့ ရှိတာ ပေါ့ဟာ။ ငါတို့ ရိုးရိုး လုပ်ကိုင် စားကြသူတွေ ကတော့ ချွေးဒီးဒီး ကျထိ အသက် ထွက်လုအောင် လုပ်တာကို ငွေတစ်သောင်း ရဖို့ မလွယ်တာ ဘဲဟာ။ ဒီလို မသေချာတဲ့ အလုပ်ထဲ ငွေပုံထိုးဖို့ ဘယ်သတ္တိ ရှိမှာလဲ။ ခုလည်း နင့်အစ်ကိုတို့ နင့်အမေ တို့က မက်လုံးလေး ပေးထား တာသာ ဖြစ်ကြ တာကိုး။ သကြားအုပ် ထားတာလေး ကုန်လို့ ဆေးခါးကြီး တွေ့တော့မှ မျိုရခက် ထွေးရခက် ဖြစ်နေ လိမ့်ဦး မယ်ဟာ”
            ထွန်းကျော်၏ စကားကို နုကြည်က မည်သို့မျှ မတုန့်ပြန် တော့ဘဲ သက်ပြင်း ကိုသာ ချလိုက် မိ၏။ ချစ်သူ နှစ်ဦးတည်း လွတ်လပ် ကြပါ စေတော့ဟု အလိုက်တသိ ပြန်ဖို့လည်း သတိ မရတော့။ အတွေးမော ထဲ၌ နစ်ရင်းသာ ငေးနေ မိသည်။ ထိုစဉ် တစ်ချိန်လုံး ငြိမ်နားထောင် နေခဲ့သော နှင်းဥ ကလည်း ဘာမှ မပြော တော့ဘဲ ရေခပ် ရန်သာ ဟန်ပြင် နေသည်။
            တွင်းကလေး ထဲ၌ကား ရေပြန်ပြည့် နေပြန် လေပြီ။  

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

            “နှင်းဥရာ စောင့်လိုက် ရတာဟယ်၊ နင်ဘာဖြစ်လို့ နောက်ကျ နေရ တာလဲ”
            ရေခပ် လမ်းတွင် မယောင် မလည် စောင့်နေသူ ထွန်းကျော်က နှင်းဥကို ဆီး၍ ပြောလိုက် သည်။
            “နုကြည် တို့အိမ် ဝင်နေလို့ပါ ကိုထွန်းကျော်ရဲ့”
            “နုကြည်ကော ဘာဖြစ်လို့ မလိုက်လာ တာလဲ”
            “မသိပါဘူး ... ရှက်လို့ ထင်ပါရဲ့၊ ခုလည်း အိမ်မှာ ငိုနေတာ၊ သူ့အစ်ကို ကိုသောင်းရွှေ အကြောင်း ကိုထွန်းကျော် မကြား ဘူးလား}
            “ဟင် . . . သောင်းရွှေ ဘာဖြစ် လို့လဲ၊ ငါ မကြား ပါဘူးဟာ”
            “ကျွန်မလည်း ခု နုကြည် ပြောမှ သိတာပါ၊ ကဲ . . . သွားစို့၊ သွားရင်းနဲ့ ပြောပြမယ်လေ၊ ဒီလိုတဲ့ ကိုထွန်းကျော်ရဲ့”

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

            မျိုးဝင်းအောင်နှင့် သောင်းရွှေတို့ မန္တလေး ရောက်ပြီး ဒုတိယနေ့၊ သူတို့ တည်းသော အေးမြ သီတာ တည်းခိုခန်းနှင့် ကပ်လျက် ရသာ ပျော်ပွဲစား ရုံ၏ အတွင်းခန်း တစ်ခန်းတွင် ဖြစ်သည်။
            “ကဲ  . . . ကိုသောင်းရွှေ၊ အားမနာတမ်း စားပါဗျာ၊ ခင်ဗျား အလှည့် တုန်းက ခင်ဗျား ကျွန်တော့်ကို ဂရုစိုက်ခဲ့ သလို ကျွန်တော် ကလည်း ခင်ဗျားကို ပြန်ပြုစု ပါရစေ၊ ကဲ  . . . ဟင်းထပ် မှာဦး စို့လားဗျာ”
            “ဟာ . . . တော်ပြီ  တော်ပြီ၊ ခုကို များနေပြီ ကိုမျိုးဝင်းအောင်”
            “အားမနာ ပါနဲ့ ကိုသောင်းရွှေရဲ့၊ ဒီမှာ ကျွန်တော်တို့ အတွက်က ခင်ဗျား သိတဲ့ အတိုင်း ငွေမရှား ပါဘူးဗျာ၊ ဟဲ . . . ဟဲ၊ ပြီးတော့ မန္တလေး ဆိုတာက ကျွန်တော့် နေရာ၊ ကျွန်တော့် အပေါင်း အသင်း၊ ကျွန်တော့် မိတ်ဆွေ တွေ အများ ကြီးပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်မျိုးက လျှို့ဝှက် နိုင်မှ တော်ကာကျ မှာမို့ ဒီလို တည်းခိုခန်း မျိုးကို ကျွန်တော် ခေါ်လာရ တာပါ၊ ပြီးတော့ တည်းခိုခန်း မှာလည်း ခင်ဗျားကို ကျွန်တော် မနေ့က ပြောထားတဲ့ အတိုင်း လိပ်စာ အမှန် မပေး ထားဘူး။ ပါးစပ်ထဲ တွေ့ရာ ပေးလိုက် တာပဲ၊ ခင်ဗျား လိုချင်တဲ့ ကိစ္စ အတွက်လည်း မနေ့က တစ်နေ့လုံး ကျွန်တော့် လူတွေနဲ့ ကျွန်တော် ပြန်ဆက်သွယ် ပြီး အစီအစဉ် တွေ လုပ်ထား ပြီးပြီလေ။ ဒါပေမဲ့ အဲဒီ ငွေလဲတဲ့ ကိစ္စ အတွက် ခင်ဗျားကို ကျွန်တော် နည်းနည်း ရှင်းပြထား ဦးမယ်”
            “ဟုတ်ကဲ့ ပြောပါ ကိုမျိုးဝင်းအောင်”
            “ဒီလိုဗျ၊ ငွေလဲတဲ့ နေရာမှာ ရာတန် ချည်းပဲ ရမယ်၊ ပြီးတော့ သူတို့ ပေးတဲ့ ငွေဟာ အစစ်နဲ့ မတူဘူးလို့ ခင်ဗျား ထင်ရင် မလဲဘဲ နေနိုင် တယ်နော်၊ ကျွန်တော်တို့ ဘာမှ အားနာ စရာ မလိုဘူး။ ဟိုရောက်ရင် ခင်ဗျား စိတ်ကြိုက် ဖြစ်မဖြစ် သေသေ ချာချာ စစ်ပေါ့ဗျာ၊  ကျွန်တော် ကတော့ အင်း  . . . ကျွန်တော် ကတော့ ရှင်းရှင်း ပြောရရင် ပွဲစား သဘော ပါပဲ၊ သူတို့ တစ်သောင်း လဲဖို့ စီစဉ်ပေး နိုင်ရင် ကျွန်တော်က တစ်ထောင် ရတယ်၊ သူတို့ တစ်ထောင် လဲဖို့ဆိုရင် ကျွန်တော့်တွက် တစ်ရာ ပေါ့ဗျာ”
            “ဪ . . .”
            “ဒါ ခင်ဗျားကို ကျွန်တော်က အပွင့်လင်းဆုံး ဖွင့်ပြော တာပါ၊ မိတ်ဆွေကောင်း တစ်ယောက် အနေနဲ့ ခင်ဗျားကို ယုံလည်း ယုံလို့ပေါ့”
            “ဟာ . . . ဒါတော့ စိတ်ချ ပါဗျာ”
            “စိတ်ချ ပါတယ်ဗျာ၊ ကဲ . . . သူတို့က ဒီည (၇) နာရီမှာ ဟေမာန် တည်းခိုခန်းမှာ တွေ့ဖို့ ချိန်းထား တယ်ဗျ၊ အခုတော့ အခန်းကို ပြန်ပြီး အနားယူ ကြစို့ဗျာ”

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

            သောင်ပြင် ကျယ်ကြီးကို ဖြတ်ပြီး လက်ယက် တွင်းလေး အနီးသို့ ရောက်သောအခါ တွင်တော့ နှင်းဥက ပြောလက်စ စကားကို ဖြတ်ကာ အိုးလေးကို ချ၍ အသာ ထိုင်ချ လိုက်သည်။ ထွန်းကျော် ကလည်း သူ့အနားတွင် ထိုင်ရင်း
            “ကဲ . . . ဆက်ပါဦးဟ၊ အဲဒီနေ့ ညကျတော့ သူတို့ သွားကြ ရောလား”
            “အင်း . . . ဟုတ်တယ်၊ သွားတော့ ချိန်းထားတဲ့ နေရာမှာ လူနှစ်ယောက် အိတ်တစ်လုံးနဲ့ ရောက်နှင့် နေတယ်တဲ့၊ နှစ်သောင်း ယူမယ် ဆိုပေမယ့် လိုလိုမယ်မယ် ငါးသောင်း ယူလာတယ်လို့ ပြောတယ်တဲ့၊ ရာတန် အသစ် စက်စက်တွေ ချည်းပဲ၊ ဘဏ်က ထုတ်ပေးတာ မျိုးပဲတဲ့၊ ဒါပေမယ့် စက္ကူနဲ့ မပတ်ဘဲ သားရေကွင်းနဲ့ စည်းထား တာတဲ့ ကိုသောင်းရွှေ ကလည်း စိတ်ကျေနပ်အောင် အသေအချာ စစ်တာပဲ၊ သူ့အိတ်ထဲက ရာတန် နဲ့တောင် တိုက်ကြည့် သေးတယ်တဲ့၊ နောက်တော့ . . .”
    
@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

            သောင်းရွှေသည် သူ့လက်ထဲက ရာတန်အုပ်ကို ကြည့်ရင်း တကယ် အံ့ဩ နေမိသည်။ သူတို့က အတု ဆို၍သာ။ သူ့အမြင် အတိုင်း ကတော့ အစစ် လိုသာ ဖြစ်သည်။ သူ့အိတ်ထဲက ရာတန် နှင့်လည်း လုံးဝ မကွဲပြား၊ သူ့အိတ် ထဲက ငွေတစ်သောင်း ပေးလိုက်လျှင် ဒီလို အသစ်စက်စက် ငွေမျိုး နှစ်သောင်း ရလိမ့်မည်။
            “ကဲ . . . မိတ်ဆွေ၊ ကျေနပ်အောင် စစ်ပေါ့ဗျာ၊ မကြိုက် ရင်လည်း မလဲနဲ့၊ အားမနာ နဲ့နော်၊ စိတ်ကြိုက် စစ်ပြီးပြီ ဆိုရင်တော့ လဲမယ် ဆိုလည်း မြန်မြန်လေး အလုပ် လုပ်ရအောင်၊ ကျွန်တော်တို့ အလုပ်က မြန်လေ အန္တရာယ် ကင်းလေ ကိုးဗျ”
            သောင်းရွှေ ခဏမျှ စဉ်းစား နေမိသည်။ နောက်တော့ ယတိပြတ် ဆုံးဖြတ် လိုက်သည်။
            “လဲမယ်ဗျာ . . .”
            “ကဲ . . . လဲရင်လည်း ရော့ . . . နှစ်သောင်း ရေပြီးယူနော်၊ ကဲ  . . . ခင်ဗျား ငွေတစ်သောင်းပေး၊ ရေရအောင်”
            နှစ်သောင်းမှာ ရာတန် နှစ်အုပ်သာ ရှိသည်မို့ ခဏလေး ပြီးသွားသည်။ သူတို့ကလည်း သူတို့ငွေကို ရေ၍ သိမ်းဆည်း ပြီးပြီ။
            “ကျွန်တော် ငါးရာ ထပ်လဲ ဦးမယ်”
            သောင်းရွှေက သူစရိတ် အဖြစ် အပိုယူ လာသော ငါးရာပါ လဲရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
            “လဲလေ . . . ကဲ . . . ရော့ တစ်ထောင်”
            ထိုသူက ရာတန် ဆယ်ရွက် ရေတွက်၍ ပေးလိုက်သည်။ သောင်းရွှေ ကလည်း ငါးရာ ပြန်ပေး လိုက်သည်။ ဒီနောက် တွင်တော့ ကိစ္စ အားလုံး ပြီးစီး သွားပြီ။
            “ကဲဗျာ . . . လမ်းခွဲကြ ရအောင်၊ တစ်နေ့တော့ ပြန်ဆုံသေး တာပေါ့၊ ကဲ  . . . မောင်မျိုး သွားမယ်ဟေ့”
            ထိုသူ နှစ်ယောက် အနက်မှ တစ်ယောက်က သူနှင့် မျိုးဝင်းအောင်ကို နှုတ်ဆက် လိုက်၏။
            “အေးကွာ  . . . သွားကြတော့၊ ငါတော့ ဧည့်သည်ကို လိုက်ပို့ လိုက်ဦးမယ်”
            ထိုတည်းခိုခန်း ထဲမှ ထွက်လာပြီး မျိုးဝင်းအောင် နှင့် သောင်းရွှေတို့ လမ်းမပေါ် ရောက်ချိန် မှာတော့ ည ရှစ်နာရီ ခန့် ရှိတော့မည်။
            “ကဲ . . . လာ . . . ကိုသောင်းရွှေ၊ ဒီဘက် လမ်းက သွားရအောင်၊ လမ်းမကြီးက သွားရတာ အန္တရာယ် မကင်းဘူးဗျ၊ ဖြတ်လမ်း တွေက သွားရမယ်၊ ကဲ . . . လာ ခင်ဗျားအိတ် ကျွန်တော့် ပေးထား”
            မျိုးဝင်အောင်၏ စကား ဆိုလျှင် သောင်းရွှေ လက်ခံခဲ့မြဲ ဖြစ်သော်လည်း ဒီတစ်ကြိမ်တော့ လက်တွန့် သွားမိ သည်။
            “ဪ . . . ကိုသောင်းရွှေ၊ ခင်ဗျား ကလည်း ကျွန်တော့် ကိုတောင် မယုံတော့ ဘူးလား၊ ကျွန်တော် ထွက်မပြေး ပါဘူးဗျာ၊ ကျွန်တော် ယူထားတော့ မပြောကောင်း မဆိုကောင်း တစ်ခုခု ဖြစ်ရင်တောင် ကျွန်တော့် လက်ထဲမှာ ဆိုတော့ ကျွန်တော် အဆင်ပြေအောင် လုပ်နိုင်တယ်၊ ခင်ဗျား လက်ထဲမှာဆို ကျွန်တော် ကယ်နိုင်မှာ မဟုတ်ဘူး”
            အိတ်ထဲ တွင်ကား သူရွာမှ လာစဉ်က ယူလာသော သူ့ အဝတ်အစားများ ရှိသည်။ သူတို့ တည်းခိုခန်းသို့ ပြန်ဦးမည် ဖြစ်သော်လည်း ငွေများကို ဝှက်ယူ နိုင်ရန် အတွက် မျိုးဝင်းအောင်၏ အကြံ ပေးချက် အရ သူ့ အဝတ်အစား များကို ယူလာ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဝတ်အစားများ အောက်တွင်ကား မျိုးဝင်းအောင်၏ ညွှန်ကြားချက် အတိုင်း ထည့်သို လာသော ငွေ နှစ်သောင်းကျော်။ သောင်းရွှေသည် မပေးချင် ပေးချင်ဖြင့် အိတ်ကို မျိုးဝင်းအောင်သို့ ပေးလိုက် ရ၏။
            “ကဲ . . . လာ . . . ကိုသောင်းရွှေ ခပ်သုတ်သုတ် သွားရအောင်၊ ဘာမှ မပူပါနဲ့၊ ဒီရပ်ကွက် တွေက ကျွန်တော် ပိုင်ပါတယ်၊ ကျွန်တော့် ကိုလည်း ယုံပါဗျာ၊ ခင်ဗျားကို ကျွန်တော် ပစ်ပြီး ငွေတွေနဲ့ ထွက်မပြေး ပါဘူး”
            သို့သော် သူတို့တတွေ ခြေလှမ်းပေါင်း နှစ်ဆယ်မှ မပြည့်မီ . . .
            “ဟေ့ . . . ရပ်စမ်း”
            လက်နှိပ် ဓါတ်မီးရောင် နှင့်အတူ ကြားလိုက် ရသော အသံကြောင့် သောင်းရွှေ တစ်ကိုယ်လုံး တုန်တက် သွားသည်။ ယူနီဖောင်းဝတ် တစ်ဦးနှင့် လူနှစ်ယောက် . . .
            “ပေးစမ်း၊ မင်းတို့အိတ် . . .”
            “ကျွန်တော်တို့ အရောင်း အဝယ် သမား တွေပါ၊ ရိုးရိုး သားသား ပါ အစ်ကိုကြီး ရာ၊ အကြံအဖန် သမားတွေ မဟုတ် ပါဘူး”
            တုန်ရင် နေသော မျိုးဝင်းအောင်၏ အပြောကို ယူနီဖောင်းဝတ် ပုဂ္ဂိုလ်က ဘာမျှ မတုန့်ြ့ပန်။ အသာ ထိုင်ချ လိုက်ပြီး မြေကြီး ပေါ်တွင် အိတ်ကို ချ၍ အိတ်ထဲ ကိုသာ မွှေနှောက် နေသည်။ ခဏ အကြာတွင် . . .
            “ဟော . . .”
            ငွေနှစ်သောင်း ကျော်သည် အစည်းလိုက် သူ့လက် ထဲတွင် ပါလာသည်။ သူက ငွေစက္ကူ များကို ဒူးပေါ်သို့ အသာတင် လိုက်ပြီး သူ့အင်္ကျီအိတ် ထဲမှ စက္ကူ တစ်ရွက်ကို ဆွဲထုတ်ကာ ဖြန့်လျက် လက်နှိပ် ဓါတ်မီး ရောင်ဖြင့် ဖတ်ကာ ငွေစက္ကူထပ် အပေါ်ဆုံး အရွက်နှင့် အောက်ဆုံး အရွက် နံပါတ် များဖြင့် တိုက်ကြည့် နေပြန်သည်။
            “သတင်းရ ထားတဲ့ အတိုင်းပါပဲ၊ ဒီနံပါတ် တွေပဲ”
            သူက တစ်ယောက်တည်း စကား ပြောရင်း တစ်ဆက်တည်း . . .
            “ကဲ . . . မင်းတို့ ဒါငွေ အတုတွေ မဟုတ်လား”
            “ဟာ . . . မဟုတ် ပါဘူးဗျာ”
            “ကဲကွာ . . . နောက်မှ ရှင်းပေါ့၊ ဒါဘယ်သူ့ ငွေတွေလဲ”
            “ကျွန်တော့် ငွေတွေပါဗျာ”
            ဝင်ပြော လိုက်သူက သောင်းရွှေ မဟုတ်၊ မျိုးဝင်းအောင် . . . ။
            “သူကကော”
            “သူက ကျွန်တော့် သူငယ်ချင်းပါ၊ သူနဲ့ ဘာမှ မဆိုင် ပါဘူးဗျာ”
            သောင်းရွှေကား ဘာပြောရမှန်း မသိဘဲ ချွေးတွေ ပြန်နေသည်။
            “ကဲ . . . ဒါဆို မင်းလိုက်ခဲ့၊ ကဲ  . . . ခင်ဗျားတို့ သက်သေနော်၊ ကျွန်တော် ငွေစက္ကူ နံပါတ်တွေ မှတ်မယ်”
            ထိုပုဂ္ဂိုလ် ကပင် သူနှင့် ပါလာသူ နှစ်ယောက်ကို ပြောသည်။
            “ကျွန်တော်  . . . ကျွန်တော်  . . . ကျွန်တော့် အိမ်ကို သူနဲ့ စကား နည်းနည်း မှာလိုက် ပါရစေဗျာ”
            “ကဲ . . . မှာ  . . . မှာ”
            မျိုးဝင်းအောင်၏ ခွင့်တောင်းမှုကို ယူနီဖောင်းနှင့် လူက ခွင့်ပြု လိုက်သည်။ ထို့ကြောင့် ထိုသုံးယောက် ငွေစက္ကူ နံပါတ်များ မှတ်နေ စဉ်တွင် မျိုးဝင်းအောင်က သောင်းရွှေ၏ နားနားသို့ ကပ်၍ လေသံဖြင့် . . .
            “ဘာမှ မပူနဲ့ ကိုသောင်းရွှေ၊ ခင်ဗျား တည်းခိုခန်းက ပြန်စောင့်ပါ၊ ကျွန်တော် မနက်ဖြန် ပြန်လာ ခဲ့မယ်၊ ညတွင်းချင်း ပြေလည် သွားမှာပါ၊ ခင်ဗျား ငွေတွေ ပြန်ရမှာပါ၊ စိတ်ချ”
            ထို့နောက် မျိုးဝင်းအောင်ကို သူတို့ ခေါ်သွား ကြတော့ရာ သောင်းရွှေ တစ်ယောက်တည်း လမ်းမ ပေါ်တွင် ယောင်လည်လည် ကျန်ရစ် ခဲ့သည်။ တစ်ကိုယ်လုံးလည်း ချွေးတွေ ပြန်လျက် လူမှာ အားမရှိ သလို နွမ်းခွေ ပျော့ကျ နေသည်။ ထိုစဉ် မြင်းလှည်း တစ်စီး လာနေ သည်ကို တွေ့သဖြင့် တားပြီး ဈေးချိုသို့ ပို့ခိုင်း ရသည်။ တည်းခိုခန်း ရှိရာ လမ်းနံပါတ်ကို ကောင်းစွာ မမှတ်မိ တော့၍ ဈေးချိုသို့ ပို့ခိုင်း ရခြင်း ဖြစ်သည်။  ဈေးချို ရောက်လျှင်တော့ တည်းခိုခန်းကို သွားတတ် မည်ဟု သူထင်သည်။
            ကံကောင်း ထောက်မ စွာပင် ဈေးချိုမှ စမ်းတဝါးဝါး လျှောက်လာရင်း ဟိုမေး ဒီမေးဖြင့် တည်းခိုခန်းသို့ သူပြန်ရောက် ခဲ့သည်။ ထိုညက သောင်းရွှေ လုံးဝ အိပ်မပျော်ချေ။ အတွေး ချာချာ လည်ရင်း နံနက် လေးနာရီ ခန့်မှ အိပ်ပျော် သွားသည်။ သူနိုး လာတော့ နံနက် ခုနစ်နာရီ ထိုးပြီ။ မျိုးဝင်းအောင်များ ရောက်နေ မလားဟု သူဧည့်ခန်း ဖက်သို့ အပြေး အလွှား ထွက်ခဲ့သည်။
            မျိုးဝင်းအောင်က ဧည့်ခန်းတွင် သူ့လက်ဆွဲအိတ် နှင့်အတူ သူ့ကို ပြုံးရွှင်စွာ ကြိုဆို နေသည်။
            “ဘာလဲ ကိုသောင်းရွှေ၊ ခင်ဗျား သိပ်စိတ်ပူ နေသလား၊ ခင်ဗျား ငွေတွေ ပြန်ရမယ်လို့ ကျွန်တော် အာမခံ ထားရက် သားနဲ့ဗျာ၊ ရော့ ဒီမှာ”
            ဤသို့ ဆိုလျှင်တော့ မည်မျှ ကောင်းမည်နည်း။ ယခုတော့ ဒီလိုမဟုတ်။ သူ မျိုးဝင်းအောင်ကို မတွေ့။ သို့သော်
            “ဒီမှာ အစ်ကိုကြီး၊ အစ်ကိုကြီးက အခန်း (၇) က ဦးသောင်းရွှေ ဆိုတာ ထင်တယ်နော်”
            တည်းခိုခန်း ကောင်တာမှ လူက သူ့ကို မှတ်မိဟန်ဖြင့် မေးလာသည်။
            “ဪ . . . အစ်ကိုကြီး နိုးရင် ပေးလိုက်ပါ ဆိုပြီး လူ တစ်ယောက်က စာလာ ပေးထား လို့ပါ”
            သောင်းရွှေက ထိတ်လန့် တကြား ဖြင့် ထိုသူ့ လက်ထဲမှ စာကိုယူ၍ ဖောက်ဖတ် လိုက်သည်။ စာဖတ်ရင်း သူ့ မျက်လုံးများ ပြာဝေ သွားပြီး ကမ္ဘာကြီး ချာချာလည် သွားသည်ဟု ထင်လိုက် ရသည်။
            ကိုသောင်းရွှေ
            ကျွန်တော့်ကို အချုပ်ခန်းမှာ လာတွေ့တဲ့ အစ်ကို ဝမ်းကွဲ တစ်ယောက်နဲ့ ဒီစာကို ပါးလိုက် ပါတယ်။ ကျွန်တော်တို့ ငွေတုကိစ္စ ရဲက သိသွားပြီ။ ညက ငွေအတု ရောင်းလိုက်တဲ့ လူနှစ်ယောက် ကိုလည်း ဖမ်းမိ ထားပြီ၊ ခု ခင်ဗျားကို ရဲက လိုက်ရှာ နေကြတယ်၊ ခင်ဗျား မန္တလေး ကနေ အမြန် ပြေးတော့။
            မျိုးဝင်းအောင်       

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @

                        “အဲဒါနဲ့ မီရာရထားနဲ့ ပြေးလာရတာတဲ့ ကိုထွန်းကျော်ရဲ့၊ စရိတ်လည်း မလောက်တော့ အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခသိပ်ရောက်တာပဲတဲ့”
            နှင်းဥက သူ နုကြည်ဆီက ကြားလာ ရသော သောင်းရွှေ၏ ဇာတ်လမ်းကို အဆုံးသတ် လိုက်၏။
            “ဪ . . . သောင်းရွှေ၊ သောင်းရွှေ၊ တယ်မိုက်တဲ့ ကောင်ပဲ၊ ခု သူရွာကို ပြန်ရောက် ပြီလား”
            “ရွာကိုတော့ မရောက် သေးဘူး ထင်ပါရဲ့ ၊ မိုးတား မှာလိုလို ပြောတာပဲ၊ ဒီလို ဖြစ်တာကို ရှက်လို့ ပြန်မလာ တာလား။ ဟိုလူက ဖော်လို့ ရဲက ရွာထိ လိုက်ဖမ်းမှာ ကြောက်လို့ လားတော့ မသိဘူး”
            “အမှန်တော့ တကယ် ရှက်ရ ကြောက်ရ မှာက အချောင် ရှာချင်တဲ့စိတ် မွေးမိတာကို ဆိုတာ သူစောစောက နားလည်ရင် ဒီလို မဖြစ်ရ ပါဘူးဟာ”
            ဘာပဲ ဖြစ်ဖြစ် သူ့ သူငယ်ချင်း အတွက်တော့ ထွန်းကျော် စိတ်မကောင်း မိချေ။
            “တောက် . . . ခုလည်း ဒီကောင် သက်သက် ခံလိုက်ရ တာပါ၊ သူ့ အကောင်က သူ့ကို လိမ်သွားတာ ဖြစ်မှာပေါ့၊ တကယ်တော့ သူ့ကို ဟိုက ပေးလိုက်တာ တွေဟာ ငွေအတုတွေ ဟုတ်မှာ မဟုတ်ဘူး၊ အစစ် တွေပဲ ဖြစ်လိမ့်မယ်၊ လမ်းမှာ တွေ့တဲ့ ရဲဆိုတာလည်း သူတို့ လူတွေပဲ ဖြစ်မှာ ပေါ့ဟာ၊ အစစ်ကို အတုလို့ ပြောပြီးပေး ထားတော့ ဒီကောင်က လိပ်ပြာ မလုံ ဖြစ်နေတုန်း၊ အတုမို့ ရဲက ဖမ်းတယ် ဆိုပြီး သူတို့ငွေကို သူတို့ ပြန်ယူသွား တာပေါ့၊ သူတို့လူ မျိုးဝင်းအောင် ကိုလည်း တစ်ခါတည်း ခေါ်သွား လိုက်တာပေါ့၊ ပြီးတော့ နောက်တစ်ရက်မှ “ခင်ဗျားကို ရဲက ရှာနေပြီ၊ ပြေးတော့ ဆိုပြီး ဒီကောင့်ကို မန္တလေးက မောင်းထုတ် လိုက်တာ ဖြစ်မှာလေ၊ နင်စဉ်းစား ကြည့်ပါလား နှင်းဥရဲ့၊ တကယ့် ရဲက ဖမ်းတာဆို ဟိုကောင် တစ်ယောက်တည်း ဘယ်ကွက်ဖမ်း မှာလဲ၊ သူ့ကိုပါ ဖမ်းမှာပေါ့၊ အတူတူ တွေ့တဲ့ဟာ သူ့ကို ချန်ထား ခဲ့မှာတဲ့လား၊ နောက်မှသာ မဆိုင်ဘူး ဆိုပြီး ပြန်လွှတ်ချင် လွှတ်မယ်၊ ပထမတော့ ခေါ်သွားဦး မှာပဲ၊ ခုဟာ ဒီကောင် သက်သက် အလိမ်ခံ လိုက်ရတာ သိလား”
            “အဲဒါ ဆိုရင် ရဲကို တိုင်လို့ မရ ဘူးလား မသိဘူးနော် ကိုထွန်းကျော်”
            “ရတာ ပေါ့ဟာ၊ ဒါပေမဲ့ သူ့မျိုးဝင်းအောင် ဆိုတဲ့ကောင် ကလည်း သူ့ကို လိပ်စာမှန် ပေးမှာ မဟုတ်ဘူး။ တည်းခိုခန်းတွေ မှာလည်း ဒီကောင် တွေက လိပ်စာမှန် ပေးမှာ မဟုတ်ဘူး။ ပြီးတော့ သောင်းရွှေ အနေနဲ့ ကလည်း သူ ကိုယ်တိုင်က ဥပဒေ မကင်းတာ လုပ်မိ ထားတာ ဆိုတော့ ဘယ်တိုင်ရဲ မှာလဲဟာ”
            “ခုလို ဆိုတော့လည်း ကိုသောင်းရွှေကို သနား ပါတယ်၊ သူ့ခမျာ အဝတ်အစား တွေနဲ့ ငွေတွေ လည်းဆုံး၊ လူလည်း အရှက်ရနဲ့ ရဲက လိုက်မဖမ်း ဘူးလို့ စိတ်ချ ရအောင်  ရွာကိုတော့ ဘယ်ပြန်လာ ရဲရှာမှာလဲ”
            “အေးပေါ့ နှင်းဥရယ်၊ ငါလည်း စိတ်မကောင်း ပါဘူး၊ ဒါပေမဲ့ ဖြတ်လမ်း ကနေ အချောင် ရှာစားရင် ဒီလို ဖြစ်တတ်တယ်၊ ဒုက္ခ ရောက်တတ်တယ် ဆိုတာ သင်ခန်းစာ ပေါ့ဟာ”
            “ဟုတ်တယ်နော်၊ အမှန်တော့ သူ့စိတ်နဲ့ သူ့အကျိုးပေး ဖြစ်တဲ့ သဘော ပါပဲလေ၊ ဒီအတွက် နှင်းဥ တွေးမိ ထားတာ တစ်ခု ရှိသေးတယ်”
            “ဘာလဲ နှင်းဥရဲ့”
            “ဟိုမှာ ချောင်းရေတွေ တဝုန်းဝုန်း စီးနေတယ် မဟုတ်လား။ ရေသွား ခပ်မယ်ဆို ချက်ချင်း ရမှာပဲလေ၊ ဒါပေမဲ့ နွံတွေ ပါတဲ့ ချောင်းရေ နောက်နောက်ကို မလိုချင်ဘဲ ရေကြည် ရချင်တာမို့ အပင်ပန်း ခံပြီး ဒီတွင်း လေးမှာ စောင့်ခပ် နေရတာ မဟုတ်လား”
            “အေးလေ . . . အဲဒါ ဘာဖြစ်လဲ”
            “ဪ . . . ကိုထွန်းကျော်နဲ့ ကိုသောင်းရွှေ ကွာတာကို တွေးမိ လို့ပါ”
            “ဘယ်လို . . . ဘယ်လို . . . နှင်းဥရဲ့”
            “ဪ . . . ကိုသောင်းရွှေက အလွယ်လမ်း လိုက်တော့ ချောင်းရေကို ပုံးလိုက် သွားခပ် မိတဲ့ သူလို ရွှံ့ရေ နောက်နောက်ပဲ ရသွား တာလေ”
            “ဪ . . . နင်ပြောတာ ငါသိပြီ နှင်းဥရဲ့၊ ဒါဆို လက်ယက် တွင်းလေးမှာ အပင်ပန်းခံပြီး စိတ်ရှည်ရှည် ဇွဲနဲ့ခပ်တဲ့ ထွန်းကျော်လို လူမျိုးမှ ရေကြည်လေးကို ရမှာပေါ့နော်”
            နှင်းဥက ပြုံး၍ ခေါင်းညိတ် လိုက်သည်။
            “ကဲ . . . ဒါဆို ရေကြည် လေးက ခပ်မယ့်သူ နားကို တိုးလေ”
            “အို  . . . ကိုထွန်းကျော် ကလဲ”
            ထွန်းကျော်က ပြောပြောဆိုဆိုဖြင့် နှင်းဥ၏ လက်ကလေးကို လက်ကောက်ဝတ်မှ ဖမ်းကိုင်ရင်း သူ့ဘက်သို့ ဆွဲယူ လိုက်ရာ နှင်းဥက ဆတ်ခနဲ ပြန်ရုန်းရင်း ချစ်မျက်စောင်းလေး ထိုးလိုက် သည်။ ဒါကိုပင် ထွန်းကျော်က သဘော တကျ ရယ်မော နေပြန်သည်။
            လက်ယက်တွင်း ကလေးကား စိတ်ရှည်ရှည် အပင်ပန်းခံ ခပ်ယူမည့် သူအတွက် ရေကြည်လေး များဖြင့် အဆင်သင့် ပြည့်နေ ပြန်လေပြီ။ 

၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ၊ ငွေတာရီမဂ္ဂဇင်း
                

0 ခု - မှတ်ချက်ရှိသည်:

Post a Comment